ဆာဘီးယားနဲ့ရှုံးပွဲအတွက် နည်းပြကို ဒေါနဲ့မောနဲ့ ပြောဆိုခဲ့ပြန်တဲ့ ရော်နယ်ဒို

မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီရဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲကတော့ ဆာဘီးယားကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့မှုနဲ့အတူ စိတ်ပျက်ဖွယ်ရာ ပြီးဆုံးခဲ့ပါတယ်။

ပေါ်တူဂီဟာ ဒီပွဲမှာ သရေကျရုံနဲ့ အုပ်စု ပထမနဲ့ တိုက်ရိုက်ဝင်ခွင့်ရရှိမှာဖြစ်ပေမယ့် အခုချိန်မှာတော့ Play-off ကစားရတော့မှာလည်းဖြစ်ပါတယ်။ ဒီပွဲမှာလည်း ပေါ်တူဂီတို့ ပွဲစစချင်းမှာတင် ရီနာတိုဆန်းချက်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒါပေမယ့် တာဒစ်ရဲ့ချေပဂိုး၊ မီထရိုဗစ်ရဲ့ နောက်ကျအနိုင်ဂိုးတို့ကြောင့် ရှုံးပွဲတွေ့ခဲ့ရပြီး ဆာဘီးယားက အုပ်စု ပထမနေရာနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိသွားခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးရပြီးတည်းက အကြီးအကျယ် စိတ်ပျက်နေတဲ့ ရော်နယ်ဒိုရဲ့ပုံရိပ်ကို ရုပ်သံကင်မရာတွေက အမိအရ ရိုက်ပြခဲ့တာပါ။

ပွဲပြီးဆုံးချိန်မှာ ရော်နယ်ဒိုက ကွင်းထဲမှာ မငိုရုံတမယ် စိတ်ပျက်လက်ပျက် ထိုင်နေခဲ့ပြီး ပြန်ထထွက်လာချိန်မှာလည်း နည်းပြ ဖာနန်ဒိုဆန်းတို့စ်ကို စိတ်ပျက်တဲ့အမူအရာနဲ့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာဒီပွဲမှာ ပြိုင်ဘက်ဂိုးပေါက်ကို ကန်သွင်းခွင့် (၃) ကြိမ်သာရရှိခဲ့ပြီး (၂) ကြိမ်ကတော့ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။ အဆိုးရွားဆုံးကတော့ ၁-၂ ဂိုးဖြစ်နေချိန်မှာ ဧရိယာအပြင်ဘက်ကနေ မလိုအပ်ဘဲ အားပါတဲ့ကန်ချက်နဲ့ ကန်လိုက်တာဖြစ်ပြီး ဒီဘောလုံးကတော့ မိုးပေါ်ကို ထောင်တက်သွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာလည်း အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး အခု ဒီပွဲရလဒ်ကြောင့် ကလပ်နဲ့နိုင်ငံ နောက်ဆုံး (၃) ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။