အရွယ်နဲ့မလိုက်အောင် လှောင်ပြောင်ခံနေရတဲ့ (၉) နှစ်အရွယ်လေးကို လူချင်းတွေ့နှစ်သိမ့်ခဲ့တဲ့ နေမာ

ဘရာဇီး တိုက်စစ်ကစားသမား နေမာဟာ ဘရာဇီးကို ပြန်ရောက်နေချိန်မှာ ဆန်းတို့စ် လူငယ်ကစားသမားလေးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် တွေ့ဆုံ နှစ်သိမ့်ပေးခဲ့တယ်လို့ သိရပါတယ်။

နေမာဟာ (၂၀၂၂) ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် မွေးရပ်မြေကို ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့အသင်းက ကမ္ဘာ့ဖလားဝင်ခွင့်တစ်နေရာ သေချာခဲ့ပါပြီ။

နေမာဟာ ဆန်းတို့စ်ထွက် ကစားသမားတစ်ယောက်ဖြစ်ပြီး လက်ရှိ ဆန်းတို့စ်လူငယ်အသင်းမှာ ကစားနေတဲ့ အသက် (၉) နှစ်အရွယ် ဘရူနင်ဟိုကို သွားရောက်အားပေးခဲ့တာပါ။ ဒီကလေးငယ်လေးဟာ နိုဝင်ဘာ (၇) က ပါလ်မီးရပ်စ်ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ဂိုးသမား ဂျေလ်ဆင်ရဲ့ ဂျာစီကို တောင်းခံခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ပရိသတ်တွေက သူ့ရဲ့အပြုအမူကို အွန်လိုင်းပေါ်မှာ ဝိုင်းဝန်း လှောင်ပြောင် ပြစ်တင်နေကြတာပါ။ အသက် (၂၉) နှစ်အရွယ် နေမာနဲ့ တွေ့ခွင့်ရချိန်မှာတော့ ဒီကလေးငယ်က အပျော်လွန်ခဲ့ပြီး မျက်ရည်တွေကျတဲ့အထိကို ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။

နေမာနဲ့ ပွေ့ဖက်နှုတ်ဆက်ခဲ့သလို နေမာကလည်း သူလက်မှတ်ထိုးထားတဲ့ ဂျာစီနှစ်ထည်ကို ဘရူနင်ဟိုအတွက် အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ ကလေးငယ်လေးဟာ ပျော်ရွှင်လွန်းတာကြောင့် အငိုတောင်မရပ်နိုင်ခဲ့ပါဘူး။

နေမာရဲ့ဘရာဇီးဟာ နိုဝင်ဘာ (၁၇) မှာတော့ ဒေသတွင်း မဟာပြိုင်ဘက် အာဂျင်တီးနားနဲ့ ရင်ဆိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။