မက်ဂွိုင်းရားဘက်ကကာကွယ်ပြီး ရွိုင်ကိန်းကို ဖောင်းပြန်ထုခဲ့တဲ့ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က ဆန်မာရီနိုနဲ့ ကစားမယ့် ဒီည (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင်မှာ မက်ဂွိုင်းရားကို ဝေဖန်ထားတဲ့ ယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းကို ပြန်လည်ဝေဖန်ခဲ့ပါတယ်။

အယ်လ်ဘေးနီးယားကို အိမ်ကွင်းမှာအနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် မက်ဂွိုင်းရားက သူ့ရဲ့နားရွက်နှစ်ဖက်ကို ကိုင်ပြီး အောင်ပွဲခံခဲ့တာပါ။ ဒီအောင်ပွဲခံဟန်က သူ့အပေါ် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်တဲ့အမူအရာလို့ ရွိုင်ကိန်းက ယုံကြည်နေပါတယ်။

အဲ့ဒါကြောင့်လည်း ရွိုင်ကိန်းက မက်ဂွိုင်းရားကို “အရှက်မရှိတဲ့ အောင်ပွဲခံဟန်” လို့ သမုတ်ခဲ့ပြီး မက်ဂွိုင်းရားကတော့ လက်ရွေးစင်အတွက် ဂိုးသွင်းတာကြောင့် အခုလို အောင်ပွဲခံခဲ့တာဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှ မရည်ရွယ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဒီည ဆန်မာရီနိုနဲ့ ကစားမယ့်ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာလည်း ဆောက်ဂိတ်က “မတူကွဲပြားတဲ့ အနေအထားတစ်ခုကို ကျနော်တို့ နားလည်ဖို့လိုအပ်ပြီး မတူညီတဲ့ ချဥ်းကပ်မှုတွေ ပြုလုပ်ရပါတယ်။ အဲ့ဒါကြောင့် ခင်ဗျားအနေနဲ့ ကိစ္စတစ်ခုကို ဘယ်လိုမျိုး ချဥ်းကပ်မယ်ဆိုတာကို ရွေးချယ်ရမှာပါ”

“ကစားသမားဟောင်းတွေ၊ နည်းပြဟောင်းတွေအတွက် ဒီအရာက ဘယ်လောက်ခက်ခဲလဲ ကျနော် ခန့်မှန်းနိုင်ပါတယ်။ ဒါက ကိုယ့်အလုပ်အပေါ်မှာ မူတည်ပါတယ်။ ခင်ဗျား ဘယ်မှာလုပ်နေလဲ၊ ဒီအတွက် ဘယ်လိုမျိုး ပြောဆိုရမလဲပေါ့။ ဒါကို ကျနော် နားလည်ပါတယ်”

“ကျနော်တို့က အခု မတူညီတဲ့ အခြေအနေတစ်ခုမှာပါ။ နည်းပြတစ်ယောက်အနေနဲ့ ကျနော် ကစားသမားတွေကို နားလည်ပြီးသားပါ။ သူတို့က ငယ်ရွယ်သေးတယ်၊ တချို့အရာတွေမှာ သူတို့က ကျနော်တို့လောက် အတွေ့အကြုံမရှိသေးပါဘူး” လို့ တုံ့ပြန်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။