မန်ယူကိုရော၊ နယူးကာဆယ်ကိုရော မကိုင်ချင်ပါဘူးကွာလို့ ပြောသွားတဲ့ အေဂျက်စ်နည်းပြ

အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်က ပရီးမီးယားလိဂ်နှစ်သင်းဖြစ်တဲ့ ယူနိုက်တက်၊ နယူးကာဆယ်တို့ကို ကိုင်တွယ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။

အဲရစ်တန်ဟက်ခ်ဟာ အေဂျက်စ်ကို အကောင်းဆုံး ထိန်းကျောင်းပေးနေတာဖြစ်ပြီး အသင်းရဲ့ အဓိကအရေးပါတဲ့ ကစားသမားတွေကို လက်လွှတ်ခဲ့ရသည့်တိုင် စဥ်ဆက်မပြတ်ပျိုးထောင်မှုတွေနဲ့ အသင်းကို ဟန်မပျက်ရှိနေစေတာပါ။

အဲ့ဒါကြောင့်လည်း နည်းပြသစ် လိုအပ်နေတဲ့ ယူနိုက်တက်၊ နယူးကာဆယ်တို့က အဲရစ်တန်ဟက်ခ်ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အဲရစ်တန်ဟက်ခ်ကတော့ အခုလိုပဲ တုံ့ပြန်ခဲ့ပါတယ်။

အဲရစ်တန်ဟက်ခ်က “ကျနော်က လက်ရှိပစ္စုပ္ပန်မှာပဲ နေထိုင်တဲ့လူမျိုးပါ။ ဒီတော့ ခင်ဗျားတို့ မေးတဲ့ မေးခွန်းတွေကို ဖြေဖို့ ခက်ပါတယ်။ ကျနော်က အေဂျက်စ်ကို အမြဲတမ်း တိုးတက်စေချင်ပြီး ကျနော် စိတ်အားထက်သန်သလောက် ဒီအသင်းမှာ ဆက်ရှိနေမှာပါ”

“အေဂျက်စ်ကလည်း ကျနော်နဲ့ အလားတူပါပဲ။ ကျနော် နယူးကာဆယ်ကို မသွားဘူးဆိုတာကလည်း အေဂျက်စ်မှာ ပျော်နေတာကြောင့်ပါ။ ဘုတ်အဖွဲ့နဲ့ ကျနော့်အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပြီး အရမ်းကောင်းတဲ့ လူစာရင်းကို ကျနော် ကိုင်တွယ်ခွင့်ရနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာတော့ နည်းပြ ဆိုးလ်ရှားကိုသာ ဆက်လက်အချိန်ပေးသွားဖို့ရှိပြီး နယူးကာဆယ်ကလည်း ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။