PSG တာဝန်ရှိသူတွေကို ဦးနှောက်သွေးကြောပါ တစ်ခါတည်းပြတ်သွားအောင်လုပ်နေတဲ့ အာဂျင်တီးနား

အာဂျင်တီးနားဟာ မနက်ဖြန် မနက်မှာ ကစားမယ့် ဘရာဇီးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မက်ဆီအပြင် ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ကွင်းလယ်လူ ပါရီဒက်စ်ကိုပါ အသုံးပြုသွားမယ်လို့ နည်းပြ စကာလိုနီက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ကလပ်ရဲ့ နောက်ဆုံး (၂) ပွဲဆက်တိုက်ကို မက်ဆီ လွဲချော်ခဲ့ပေမယ့် အခု လက်ရှိကစားနေတဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲ အဆုံးသတ်ပိုင်းအတွက် မက်ဆီကို အာဂျင်တီးနားက ရွေးချယ်ထားတာပါ။

အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီက ဒေါသထွက်ခဲ့ပြီး နောက်ပိုင်းမှာတော့ မက်ဆီကို အလွန်အကျွံအသုံးမပြုဘူးလို့ ပီအက်စ်ဂျီနဲ့အာဂျင်တီးနားတို့အကြား သဘောတူညီမှုရယူခဲ့ပါတယ်။ ဒါပေမယ့် ဥရုဂွေးကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲကစားချိန် (၇၆) မိနစ်မှ လူစားဝင်လာတဲ့ မက်ဆီက ဘရာဇီးနဲ့ ပွဲမှာလည်း ပါဝင်လာမယ်လို့ လက်ရွေးစင်နည်းပြက အတည်ပြုခဲ့တာပါ။

ဒါ့အပြင် နောက်ထပ်ပီအက်စ်ဂျီ ကစားသမားတစ်ယောက်ဖြစ်တဲ့ ပါရီဒက်စ်ကိုလည်း အသုံးပြုသွားမယ်လို့ဆိုပါတယ်။ ပါရီဒက်စ်ဟာ အောက်တိုဘာအတွင်း ကစားခဲ့တဲ့ လိုင်လီနဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့ပြီး အနားယူနေရတဲ့ ကစားသမားဖြစ်ပါတယ်။

စကာလိုနီကတော့ “ပါရီဒက်စ်က ပုံမှန်အတိုင်း လေ့ကျင့်ခန်းဆင်းနေပြီး သူ့ကို နောက်ဆုံးမှာတော့ ကျနော်တို့ အသုံးပြုနိုင်ပါပြီ။ သူ ရက်အကြာကြီး အနားယူခဲ့ရတာ ဟုတ်ပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ အချက်က သူအကောင်းဆုံးပြန်လာနိုင်ဖို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီသတင်းက ပီအက်စ်ဂျီအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး အားကစားဒါရိုက်တာ လီယိုနာဒိုတစ်ယောက် ဘယ်လို တုံ့ပြန်လာဦးမလဲ စောင့်ကြည့်ရတော့မှာပါ။