ဘရာဇီးနဲ့ပွဲမှာ မက်ဆီဦးဆောင်တဲ့ အာဂျင်ကစားသမားတွေရဲ့ ဟတ်ခ်ထိစရာလုပ်ရပ်တစ်ခု

ဒီနေ့မနက်အစောပိုင်းမှာ  ကစားခဲ့တဲ့ ဘရာဇီးနဲ့အာဂျင်တီးနားတို့ရဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲကတော့ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒေသတွင်း အကြီးမားဆုံးပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး နှစ်သင်းပေါင်း အဝါကတ် (၇) ကတ်နဲ့ ပြစ်ဒဏ်ဘောအများအပြားကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရတာပါ။

ဘရာဇီးဟာ ဒီပွဲမတိုင်ခင်တည်းက ကာတာကို တိုက်ရိုက်သွားရောက်ခွင့် လက်မှတ်ကိုရရှိခဲ့ပေမယ့် အခက်ခဲဆုံးပွဲတစ်ပွဲကို အကောင်းဆုံး ထပ်မံရင်ဆိုင်ခဲ့ပါတယ်။

အာဂျင်တီးနားကလည်း ဒီသရေပွဲကြောင့် ကာတာကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ရောက်ခွင့် လက်မှတ်တစ်စောင်ကို ရရှိခဲ့ပါပြီ။ ဒီပွဲမစခင်မှာလည်း မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားကစားသမားတွေက သူတို့ရဲ့လက်ရွေးစင်အသင်းဖော် အဂွေရိုကို စာတန်းနဲ့တကွ အားပေးခဲ့ကြသေးတာပါ။

ဘာစီလိုနာတိုက်စစ်မှူး အဂွေရိုဟာ အလာဗက်စ်နဲ့ပွဲမှာ နှလုံးဖောက်လာတာကြောင့် လူစားလဲခဲ့ရပြီး လက်ရှိအချိန်မှာ သူ့ရဲ့ရောဂါက ပြင်းထန်နေတာကြောင့် ကစားသမားဘဝက အနားယူရမလို ဖြစ်နေပါတယ်။

အစပိုင်းမှာ အဂွေရို (၃) လသာ အနားယူရမယ်ဆိုပေမယ့် နောက်ပိုင်းဆေးစစ်ချက်တွေအရ အဂွေရိုရဲ့ ကစားသမားဘဝက ရှေ့ဆက်ဖို့ မရေမရာဖြစ်လာခဲ့တာပါ။ အဲ့ဒါကြောင့် ဘရာဇီးနဲ့အာဂျင်တီးနားပွဲမစခင်မှာ အာဂျင်တီးနားကစားသမားတွေက အဂွေရိုအားပေးတဲ့အနေနဲ့ “ငါတို့အားလုံး မင်းနဲ့အတူရှိနေပါတယ် အဂွေရို” လို့ ရေးသားထားတဲ့ စာတန်းကို ကိုင်ဆောင်ကာ အသင်းလိုက်ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

အသက် (၃၃) နှစ်အရွယ် အဂွေရိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ မန်စီးတီးကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိအနေအထားတွေကြောင့် ဘာစီလိုနာမှာ ဆက်ရှိဖို့လည်း မသေချာတော့ပါဘူး။