ဘာကာကိုပြန်ရောက်တာနဲ့ အသင်းဖော်တွေကို ချက်ချင်းဆွဲတင်ပေးဖို့ ကြိုးစားပြီဖြစ်တဲ့ အဲလ်ဗက်စ်

ဘရာဇီးဂန္တဝင်ညာနောက်ခံလူကြီး ဒန်နီအဲလ်ဗက်စ်ဟာ ဆေးစစ်မှုတွေ ခံယူပြီးနောက် အသင်းရဲ့ တရားဝင်ကစားသမားဖြစ်လာခဲ့ပါပြီ။

ဒါပေမယ့် သူ့အနေနဲ့ လာမယ့်ဇန်နဝါရီမှသာ အသင်းနဲ့ ပွဲထွက်ခွင့်ရရှိမှာပါ။ အဲလ်ဗက်စ်ဟာ ဘာစီလိုနာနဲ့ လက်ရှိဘောလုံးရာသီကုန်အထိ ကာလတို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အသင်းကို တစ်ကျော့ပြန်ရောက်ရှိပြီး ပထမဆုံးနေ့ရက်မှာတင် အသက် (၃၈) နှစ်အရွယ် ဒီကစားသမားကြီးက အသင်းဖော်တွေကို မိန့်ခွန်းခြွေခဲ့ပြီး ဒါဟာ ဘာစီလိုနာအတွက် လိုအပ်နေတဲ့အရာလို့ ပရိသတ်တွေက ချီးကျူးနေတာပါ။

အဲလ်ဗက်စ်က “အချိန်တော်တော်ကြာမှ ဒီကိုပြန်ရောက်လာတာ ကျေနပ်စရာပဲ။ ငါမင်းတို့ဆီကနေ သင်ယူဖို့ ပြန်ရောက်လာတာ။ အခု ကမ္ဘာသစ်ဖြစ်နေပြီလေ။ ဒါပေမယ့် အရင်အဟောင်းကနေ ငါမင်းတို့ကို တစ်ခု ယူလာပေးချင်တယ်”

“အဲ့ဒါကတော့ ဒီအသင်း၊ ဒီဂျာစီကို ကိုယ်စားပြုရတာ ဘာလဲဆိုတာပေါ့။ ငါ နိုင်ငံခြားထွက်ကစားခဲ့တယ်။ ဒါပေမယ့် ဘာစီလိုနာက ကြီးကျယ်ခမ်းနားတဲ့အရာတွေအတွက် အကောင်းဆုံးနေရာပဲ။ မင်းတို့ ဒီမှာရှိနေတယ်ဆိုရင် ဒါကို တန်ဖိုးထားကြ”

“ဘာလို့လဲဆိုတော့ ပြင်ပကမ္ဘာမှာ ဒီထက်ပိုကောင်းတဲ့အရာမရှိတော့လို့ပဲ။ မင်းတို့နဲ့အတူ ရှိနေရတာလည်း ပျော်စရာပါ။ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို ငါတို့ အတူတူ စွမ်းဆောင်ရအောင်။ ဘာလို့လဲဆိုတော့ ဒီအသင်းက အဲ့ဒီအရာတွေနဲ့ ဖွဲ့စည်းထားလို့ပဲ” ဆိုပြီး ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။