ဘာလိုတယ်လီကို ငါ တစ်စစီလုပ်ပစ်ချင်ခဲ့တာကွာလို့ ရင်ဖွင့်လိုက်တဲ့ ဖာဒီနန်

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က မန်စီးတီးကစားသမားဟောင်း ဘာလိုတယ်လီကို သတ်ပစ်ချင်လောက်အောင် ဒေါသထွက်ခဲ့တဲ့အကြောင်း ဖွင့်ဟလာပါတယ်။

(၂၀၁၁) FA ဖလား ဆီမီးဖိုင်နယ်ပွဲစဥ်မှာ မန်စီးတီးနဲ့ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ခဲ့ပြီး ယာယာတိုရေးရဲ့ တစ်လုံးတည်းသောဂိုးနဲ့ မန်စီးတီးတို့ ဗိုလ်လုပွဲတက်ခဲ့တာပါ။

အဲ့ဒီပွဲပြီးဆုံးချိန်မှာ ဖာဒီနန်နဲ့ ဘာလိုတယ်လီတို့ အချင်းများခဲ့ပြီး အဲ့ဒီအချိန်ကဖြစ်ရပ်ကို ဖာဒီနန်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဖာဒီနန်က “အဲ့ဒီအချိန်က ဆီမီးဖိုင်နယ်ပွဲမျ။ အိုကေ မန်စီးတီးက ဗိုလ်လုပွဲတက်ပြီလို့ ကျနော်တွေးခဲ့မိပါတယ်”

“ဒါပေမယ့် ဘာလိုတယ်လီနဲ့ ပွဲအပြီးမှာ ဖြစ်ခဲ့တဲ့ပြဿနာကို ခင်ဗျားတို့ မှတ်မိလား။ ကျနော် အဲ့ဒီနေ့က ဒီကောင့်ကို သတ်ပစ်ချင်ခဲ့တာ။ သူက အောင်ပွဲခံပြီး ကျနော်တို့ ပရိသတ်တွေကို လက်ဟန်ခြေဟန်နဲ့ လှောင်နေပါတယ်။ ကျနော့်အတွက်တော့ ဒါက လေးစားမှုမရှိတဲ့လုပ်ရပ်ပဲ”

“အဲ့ဒါကြောင့် ကျနော် ထိပ်တိုက်တွေ့ခဲ့တာပဲ။ သူက သိပ်ကောင်းတဲ့ အရည်အချင်းရှိပါတယ်။ ဒါပေမယ့် အခု သူ့ကစားသမားဘဝ ဘာဖြစ်သွားတာလဲ” လို့ မန်စီးတီးနောက်ခံလူဟောင်း ကွန်ပနီနဲ့ ပြုလုပ်ခဲ့တဲ့ YouTube Channel က ဆွေးနွေးခန်းမှာ ပြောကြားခဲ့ပါတယ်။

ဘာလိုတယ်လီဟာ မန်စီးတီးကစားသမားဘဝ (၃) နှစ်တာအတွင်း ပရီးမီးယားလိဂ်ဖလားနဲ့ FA ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ၁-၆ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲက ဂိုးသွင်းအပြီး သူ့ရဲ့ “Why always me” ဆိုတဲ့ စာတန်းနဲ့ အောင်ပွဲခံဟန်ကလည်း ဒီနေ့ထိတိုင် ရေပန်းစားနေဆဲပါ။