အဓိက ကစားသမား(၈)ဦး အထိ မပါဘဲ အာဆင်နယ်ကို ရင်ဆိုင်ရဖွယ်ရှိနေတဲ့ လီဗာပူးလ်

လီဗာပူးလ် အသင်းဟာ အာဆင်နယ် အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဓိက ကစားသမား (၈)ဦးအထိ ပါ၀င်နိုင်ဖွယ်မရှိဘူးလို့ Liverpool Echo သတင်းက ဖော်ပြလိုက်ပါတယ်။

ရော်ဘတ်ဆန်၊ဟန်ဒါဆန်၊မာနေးလ်နဲ့ မီလ်နာ တို့ ဟာ ဒီပွဲကိုပါ၀င်ဖို့ သံသယဖြစ်ဖွယ်အနေအထားမှာ ရှိနေပြီး ဂျိုဂိုးမတ်ဇ်၊ကာတစ်ဂျုံးစ်၊ဖာမီနိုနဲ့ အီလီယော့တို့ ကတော့ ဒီပွဲကို လွဲချော်မှာဖြစ်ပါတယ်။

နိုင်ငံတကာ ပွဲစဉ်အပြီး ပြန်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ် အသင်းဟာ ဒဏ်ရာပြသနာတွေနဲ့ ကြုံတွေ့နေရတာပါ။

ရော်ဘတ်ဆန်ဟာ စကော့တလန် က ဒိန်းမတ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ ဒဏ်ရာပြသနာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း အသေးစားဒဏ်ရာကြောင့် ဆန်မာရီနို နဲ့ ကစားခဲ့တဲ့ ပွဲမှာ ပါ၀င်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

မာနေးကလည်း ဆီနီဂေါအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားနေချိန်အတွင်း စောစောစီးစီးလူစားလဲ ခံခဲ့ရပါတယ်။

မာနေး ဟာ ပွဲချိန်(၂၈)မိနစ်ထဲက လူစားလဲခံခဲ့ရတာဖြစ်ပြီး ကွန်ဂိုနဲ့ ကစားခဲ့တဲ့ ပွဲကို မပါ၀င်နိုင်ခဲ့ပါဘူး။ဆီနီဂေါ နည်းပြက မာနေးရဲ့ဒဏ်ရာဟာ မစိုးရမ်ရဘူးလို့ ပြောထားပါတယ်။

ကျန်တဲ့ ကစားသမားတွေကလည်း ဒီပွဲကို ပါ၀င်ဖို့ မသေချာမရေမရာရှိနေတာပါ။ဖာမီိနိုနဲ့ အီလီယော့တို့ ကတော့ ဒီပွဲကို သေချာပေါက်လွဲချော်မှာလည်းဖြစ်ပါတယ်။

ဖာမီနို ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၀က်စ်ဟမ်း ကို အရေးနိမ့်တဲ့ ပွဲကို လွဲချော်ခဲ့ပါတယ်။အီလီယော့ ကတော့ ကြံခိုင်မှုပြန်လည်ရရှိဖို့ အပေါ့စားလေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ကာတစ်ဂျုံးစ် ကတော့ ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမှာလည်းဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ နိုင်ငံတကာပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ပွဲမှာ ၀က်စ်ဟမ်း အသင်းကို အရေးနိမ့်ခဲ့ပြီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲကိုကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် ထိပ်ဆုံးနေရာက ချယ်လ်ဆီး အသင်းနဲ့ (၄)မှတ်အကွာ အဆင့်(၄)နေရာကို ရောက်ရှိသွားခဲ့တာပါ။

အဲ့ဒါကြောင့် ရလဒ်ကောင်းတွေရနေတဲ့ အာဆင်နယ် နဲ့ ကစားမယ့် ပွဲမှာ နိုင်ပွဲပြန်လည်ရယူနိုင်ဖို့ လီဗာပူးလ် အသင်းအနေနဲ့ ကြိုးစားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။