ယခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရဖို့ မျှော်လင့်ထားတယ်လို့ ၀န်ခံခဲ့တဲ့ ဘန်ဇီမာ

ရီးရယ်လ်နဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘန်ဇီမာ ဟာ အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့ လူအများအပြားရဲ့မှတ်ချက်ပြုခြင်းကို ခံထားရတာဖြစ်ပါတယ်။

ဘန်ဇီမာ ကိုယ်တိုင်ကလည်း ဒီဆုကို ရယူနိုင်ဖို့ မျက်စိကျနေတာဖြစ်ပါတယ်။

ဘန်ဇီမာ ဟာ ဖင်လန် အသင်းကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြင်သစ်အသင်းအတွက် ဂိုးသွင်းယူပြီး နောက် ဘောလွန်းဒီအောကို ရယူနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုနှစ်အတွက် ပေးအပ်မယ့် ဒီဆုကို ရယူနိုင်ဖို့ ဘန်ဇီမာ ဟာ မက်ဆီ၊လီ၀န်ဒေါစကီး တို့နဲ့ အဓိက ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဘန်ဇီမာ က “ဘောလွန်းဒီအောဆုအတွက်လား ကျွန်တော်တို့ တွေ့ရမှာပေါ့။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ဒီဆုကို ရယူနိုင်ဖို့ ကျွန်တော်မျှော်လင့်ထားပါတယ်”လို့ Telefoot ကို ပြောခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာ ဟာ သူ့ရဲ့ကစားသမားဘ၀ ပထမဆုံးအကြိမ် ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရဖို့ သင့်တော်တဲ့ အခွင့်အရေးကို ရခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာ ကို အွန်နရီ၊ရာကီတစ်၊အန်ဆယ်လော့တီ တို့အပါအ၀င် ဘောလုံးသမားအများအပြားက ဒီဆုကို ရသင့်တယ်ဆိုပြီး ထောက်ခံမှုတွေ ပြုလုပ်ထားကြတာလည်းဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ဘန်ဇီမာ ဟာ ဘောလွန်းဒီအောဆုကို ရယူနိုင်မယ့် အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ ဒါဟာ ကလေးဘ၀တည်းက သူ့ရဲ့အိမ်မက်ဖြစ်တယ်လို့ပြောခဲ့ပ့ါတယ်။

ဘန်ဇီမာ က “ဘောလွန်းဒီအောဆွတ်ခူးနိုင်ဖို့ က ကျွန်တော်ငယ်ငယ်လေးတည်းက မက်ခဲ့ရတဲ့ အိမ်မက်တွေထဲက တခုပါပဲ။ကျွန်တော့်ရဲ့အိုင်ဒေါတွေဖြစ်တဲ့ ရော်နယ်ဒိုကြီးနဲ့ ဇီဒန်းတို့ ဟာ ရီးရယ်လ်ကို ရောက်လာပြီး ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့ပါတယ်။အဲ့ဒါတွေက စဉ်းစားစရာ တွေထဲက တခုပါ။ကျွန်တော့်နဲ့ လည်းမဝေးတော့ဘူးထင်ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာ ဟာ အခုနှစ်ထဲမှာ နိုင်ငံနဲ့ ကလပ်အတွက် စွမ်းဆောင်ရည်ကောင်းတွေပြသထားတာကြောင့် ဆုရရှ်ိဖို့ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။သူဟာ ပြီးခဲ့တဲ့ ရာသီက ရီးရယ်လ် အသင်းအတွက် ဂိုး(၃၀)သွင်းပြီး (၉)ဂိုးဖန်တီးနိုင်ခဲ့တာပါ။

ဘန်ဇီမာ ဟာ ယူရိုပြိုင်ပွဲမှာလည်း ပြင်သစ်အတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး (၄)ဂိုးသွင်းယူခဲ့ပါတယ်။

ဘန်ဇီမာ ဟာ ပြင်သစ်အသင်း နေးရှင်းလိဂ်ဖလားရယူနိုင်ခဲ့ရာမှာလည်း အဓိက အခန်းကဏ္ဍကနေပါ၀င်ခဲ့ပါတယ်။ဘန်ဇီမာ ဟာ ဒီရာသီမှာ ရီးရယ်လ် အသင်းအတွက် (၁၄)ဂိုးသွင်းယူထားပြီး (၈)ဂိုးဖန်တီးနိုင်ခဲ့ကာ ခြေစွမ်းကောင်းတွေပြသနေတာလည်းဖြစ်ပါတယ်။