မက်ဆီ နဲ့ အင်နီယေစတာ တို့လည်း ဘာကာ ကို ပြန်လာနိုင်တယ်လို့ ပြောလိုက်တဲ့ လာပေါ်တာ

ဘာစီလိုနာ အသင်း ဥက္ကဌ လာပေါ်တာ က မက်ဆီနဲ့ အင်နီယေစတာ တို့ အသင်းထံ ပြန်မလာနိုင်တော့ဘူးဆိုတာကို ငြင်းဆိုလိုက်ပါတယ်။ဒီမှတ်ချက်ဟာ ဇာဗီ အသင်းကိုကိုင်တွယ်ပြီး အဲလ်ဗတ် ကို ပထမဆုံးခေါ်ယူမှုအဖြစ် လတ်မှတ်ထိုးပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဇာဗီနဲ့ အဲလ်ဗတ်စ် တို့ ဟာ ဘာစီလိုနာမှာ ခြေစွမ်းပြခဲ့တဲ့ အသင်းဖော်ဟောင်းတွေဖြစ်ခဲ့ပြီး အခု အဲလ်ဗတ်စ် ဟာ ဘာစီလိုနာ ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။မက်ဆီ ဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းရဲ့အခက်အခဲကြောင့် စာချုပ်သက်တမ်းမတိုးနိုင်တဲ့ အတွက် ပီအက်စ်ဂျီကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။

အင်နီယေစတာ ကတော့ ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေး အသင်းမှာ ကစားနေတာဖြစ်ပါတယ်။လာပေါ်တာ ကတော့ အသင်းရဲ့ဂန္တဝင် ကစားသမား(၂)ဦးဟာ ဘာစီလိုနာ ကို တနေ့ပြန်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်အနည်းငယ်ကို ပရိသတ်တွေကို ပေးခဲ့တာဖြစ်ပါတယ်။

လာပေါ်တာက “ဒါကို ကျွန်တော် မငြင်းပါဘူး။ဒန်နီလည်း ဖြစ်သွားခဲ့တာပါပဲ။ဒန်နီ ကို ကျေးဇူးတင်ချင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင် သူဟာ ကလပ်အသင်းရဲ့အခြေအနေကို မြင်ပြီး လာရောက်ကူညီချင်နေလို့ပါပဲ”

“စီးပွားရေးလုပ်ဆောင်ပေးတဲ့ အတွက်လည်း သူ့ကို ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်မှာ ဖြစ်ပေမယ့် အခုသူက ဒါကို ကြိုးပမ်းလုပ်ဆောင်ပေးပြီးသွားပါပြီ။ဒါကို တန်ဖိုးထားရပါမယ်”

“မက်ဆီနဲ့ အင်နီယေစတာ တို့ဟာ အံမခန်းပါပဲ၊သူတို့ဟာ ကစားနေဆဲဖြစ်တဲ့ အတွက် အနာဂတ်ကို မခန့်မှန်းနိုင်ပါဘူး။သူတို့ဟာ ကလပ်ကို ကြီးကျယ်ခမ်းနားအောင်လုပ်ပေးခဲ့ပါတယ်။ကျွန်တော်တို့က သူတို့ကို အမြဲတမ်းအမှတ်ရနေပေမယ့် သူတို့ဟာ အခြားအသင်းတွေနဲ့ ချုပ်ထားတဲ့ စာချုပ်တွေရှိပါတယ်”

“ဒါကို လေးစားရပါမယ်။ဒါပေမယ့် ဘဝနဲ့ ပတ်သက်ပြီး ဘယ်တော့မှ သိမှာမဟုတ်ဘူးလို့”ပြောခဲ့တာပါ။အဲလ်ဗတ် ကတော့ အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေပေမယ့် ဇန်နဝါရီမှ စတင်ကစားခွင့်ရမှာလည်းဖြစ်ပါတယ်။