ဒီဇင်ဘာဟာ အိမ်မက်မက်စရာ အကောင်းဆုံးလဆိုပြီး ပေါ့ဘာရဲ့ဇာတ်လမ်းတွေပြန်စပြန်တဲ့ အေးဂျင့်

ပေါ့ဘာ ရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ က ကစားသမားဟာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ နီးစပ်နေတယ်လို့ပြောလိုက်ပြီး ဒီဇင်ဘာဟာ အိမ်မက်မက်စရာ အကောင်းဆုံးလလို့ ပြောလိုက်ပါတယ်။

ပေါ့ဘာနဲ့ ယူနိုက်တက် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်‌ဆုံးတော့မှာဖြစ်ပါတယ်။

ပေါ့ဘာ ကို ခေါ်ယူဖို့ အသင်းကြီး အများအပြားက စိတ်ဝင်စားနေကြတာဖြစ်ပြီး ယူနိုက်တက် အသင်းအနေနဲ့ စာချုပ်သစ်နဲ့ ပတ်သက်ပြီး အခုအချိန်ထိ သဘောတူညီမှုမရသေးတာလည်းဖြစ်ပါတယ်။ရွိုင်အိုလာ ဟာ ပေါ့ဘာ ရဲ့အနာဂတ်ကို မကြာခဏဆိုသလို ပြောဆိုလေ့ရှိတာပါ။

အခုအချိန်မှာလည်း ဇန်နဝါရီအပြောင်းအရွှေ့မတိုင်ခင် ကောလဟာလသတင်းတွေကို ထပ်မံလွှင့်လိုက်ပြန်ပါတယ်။ရွိုင်အိုလာ က “ဒီဇင်ဘာဟာ အိမ်မက်မက်စရာအကောင်းဆုံးလပါပဲ။အဲ့ဒါကြောင့် အိမ်မက်တွေကို မရပ်တန့်ချင်ပါဘူး”

“ပေါ့ဘာ အကြောင်းမပြောတာက ပိုကောင်းပါလိမ့်မယ်။ယူနိုက်တက် ကစားသမားဟောင်းတွေက ကျွန်တော်နဲ့ ပေါ့ဘာ အကြောင်းမပြောရရင် သူတို့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ပေါ့ဘာ ရဲ့စာချုပ်အကြောင်းပြောဖို့က စောလွန်းပါတယ်”

“ဘာဖြစ်သွားမလဲဆိုတာတော့ ကြည့်ကြရအောင်ပါ။အိမ်မက်မက်နေတာကို ဘယ်သူ့ကမှ လာပြီး ရပ်တန့်လို့မရပါဘူး”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာ ဟာ အသင်းဟောင်း ဂျုဗင်တပ်စ်ထံ ပြန်သွားနိုင်ဖွယ်ရှိတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

ဒါ့အပြင် ရီးရယ်လ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ကလည်း ပေါ့ဘာ ကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ပေါ့ဘာ နဲ့ ယူနိုက်တက် တို့ဟာ စာချုပ်သစ်ချုပ်ဖို့ အဆင်မပြေတာကြောင့် ကလပ်အသင်းတွေနဲ့ ဇန်နဝါရီမှာ အကြိုစာချုပ်ချုပ်လို့ရမှာပါ။

ပေါ့ဘာ ဂာ လက်ရှိအချိန်မှာ ပြင်သစ်လက်ရွေးစင် အသင်းနဲ့ လေ့ကျင့်မှုပြုလုပ်ရင်း ပေါင်ဒဏ်ရာရခဲ့တာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမှာလည်းဖြစ်ပါတယ်။