ငါတို့ကို လကမ္ဘာပို့ပေးလုပ်နေလို့ ရော်နယ်ဒို ဂျူဗင်တပ်စ်ကထွက်ပြေးတာလို့ ဖွင့်ဟလာသူရှိ

အီတလီ ဂန္တဝင်ကစားသမားဟောင်းကြီး ဒီနိုဇော့ဖ်က ဂျူဗင်တပ်စ်ကို ရော်နယ်ဒိုစွန့်ခွာသွားတာနဲ့ ပတ်သက်ပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပေးခဲ့သလို ဂျူဗင်တပ်စ်အနေနဲ့ ရော်နယ်ဒိုဆီက အရာအားလုံး တောင်းဆိုခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ရဲ့ အဆုံးသတ်ပိုင်းမှာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ရုတ်တရက်ပြောင်းရွှေ့သွားတဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ်အတွက် ဂျူဗင်တပ်စ် ဘက်တော်သားတွေက စိတ်ပျက်နေပြီး ရော်နယ်ဒိုက သူ့အတွက်ပဲ သူတွေးသွားတယ်လို့ ဝေဖန်ခဲ့ကြတာပါ။

ဒါပေမယ့်လည်း ဒီနိုဇော့ဖ်ကတော့ ဂျူဗင်တပ်စ်ရဲ့ အနေအထားကို ဝေဖန်ခဲ့ပြီး ရော်နယ်ဒိုကို အခုလိုပဲ ကာကွယ်ပေးခဲ့ပါတယ်။ ဒီနိုဇော့ဖ်က “ဒါက ဥာဏ်သုံးသွားတဲ့ကိစ္စမဟုတ်ပါဘူး။ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ဒီလိုအနေအထားမျိုးမှာ ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကပါ”

“ချန်ပီယံကစားသမားတစ်ယောက်ဆို ပိုဆိုးတာပေါ့ဗျာ။ ရော်နယ်ဒိုက အရာအားလုံးကို သူတစ်ယောက်တည်း မလုပ်နိုင်ဘူးလေ။ ဂျူဗင်တပ်စ်ကတော့ ရော်နယ်ဒိုကို လကိုပါဆွတ်ခူးပေးဆိုပြီး တောင်းဆိုခဲ့၊ မျှော်လင့်ခဲ့ကြတာပါ” လို့ ပြောကြားသွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ဂျူဗင်တပ်စ်နဲ့အတူ အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပေမယ့် (၃၃) ပွဲကစား (၂၉) ဂိုးသွင်းနဲ့ စီးရီးအေဂိုးသွင်းဘုရင်ဆုကိုတော့ ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိ ဘောလုံးရာသီမှာ ယူနိုက်တက်တို့ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရချိန်မှာတောင် ဂိုးသွင်းခြေစွမ်းပြနေပြီး အသင်းရဲ့ဂိုးသွင်းတာဝန်အားလုံးကို သူပဲထမ်းပိုးထားတယ်လို့ဆိုရမှာပါ။