မက်ဂွိုင်းရားက မိုက်နေပြီ၊ ချီလီနီကို မှီအောင်တော့လုပ်ဦးလို့ ပြောချပလိုက်တဲ့ ကင်နာဗာရို

အီတလီဂန္တဝင်နောက်ခံလူဟောင်းကြီး ကင်နာဗာရိုက အင်္ဂလန်ဗဟိုနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ မက်ဂွိုင်းရားနဲ့စတုန်းစ်တို့ကို ချီးကျူးခဲ့ပြီး ချီလီနီရဲ့ခြေစွမ်းကို လိုက်မှီဖို့အတွက် တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသဖို့ လိုအပ်သေးတယ်လို့ အကြံပြုလိုက်ပါတယ်။

မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ခြေစွမ်းပိုင်းဆိုးရွားနေပေမယ့် အင်္ဂလန်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ (၂) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ကာ အင်္ဂလန်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး နောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ဒီလိုမျိုး မက်ဂွိုင်းရားအပြင် အင်္ဂလန်မှာ သူနဲ့ တွဲဖက်ခြေစွမ်းပြနေတဲ့ စတုန်းစ်ကိုလည်း ကင်နာဗာရိုက အခုလိုပဲ ချီးကျူးခဲ့ပါတယ်။ ကင်နာဗာရိုက “စတုန်းစ်နဲ့မက်ဂွိုင်းရား နှစ်ယောက်လုံးက နောက်ပိုင်းနှစ်တွေမှာ စိတ်ဝင်စားစရာ ပုံစံတွေကို ပြသထားကြပါတယ်”

“သူတို့က ကစားတဲ့အခါမှာ ဘယ်သူ့ကိုမှလည်း ကြောက်လန့်မနေဘဲ ကောင်းကောင်းခုခံကစားနိုင်တဲ့လူတွေပါ။ တစ်ဦးတစ်ယောက်ချင်းလည်းကောင်းပြီး ယူနိုက်တက်နဲ့မန်စီးတီးတို့ရဲ့ အဓိကနောက်ခံလူတွေလည်းဖြစ်၊ အင်္ဂလန်ရဲ့ အကောင်းဆုံး နောက်ခံလူနှစ်ယောက်လည်းဖြစ်ပါတယ်”

“ဒါပေမယ့် ချီလီနီကတော့ ခက်ခဲတဲ့အချိန်ကာလတွေမှာတောင် ပြိုင်ဘက်တိုက်စစ်မှူးကို ရပ်တန့်နိုင်တဲ့ အာရုံစူးစိုက်မှုမျိုးရှိပါတယ်။ မက်ဂွိုင်းရားနဲ့စတုန်းစ်တို့က မတူညီတဲ့ ကစားဟန်နဲ့ ကစားနေကြတာပါ။ တစ်ခါတလေမှာ သူတို့က ချီလီနီလိုမျိုး မဟုတ်ဘဲ ဆိုးရွားတဲ့ အချိန်မျိုးတွေရှိတတ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ချီလီနီဟာ ပြီးခဲ့တဲ့ ယူရို- ၂၀၂၀ မှာ ဗိုလ်စွဲခဲ့တဲ့ အီတလီအတွက် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကစားသမားဖြစ်ပြီး အသက်အရွယ်ကြီးရင့်လာသည့်တိုင် အီတလီနောက်တန်းအတွက် အဓိကအားကိုးနေရဆဲ ကစားသမားလည်းဖြစ်ပါတယ်။