စာချုပ်မကုန်ခင် ပြန်ထွက်ရင် ဘာကာကို ယူရိုသန်း(၁၀၀)လျော်ရဦးမယ့် အဲလ်ဗတ်စ်

အသက်(၃၈)နှစ်အရွယ်ရှိ အဲလ်ဗတ်စ် ကတော့ ဘာစီလိုနာ အသင်းကို တကျော့ပြန်ရောက်ရှိလာပြီး အသင်းနဲ့ တရားဝင်လတ်မှတ်ထိုး၊ မိတ်ဆက်တာတွေ ပြုလုပ်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒ့ါအပြင် အဲလ်ဗတ်စ် ဟာ အသင်းနဲ့ အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလည်းဖြစ်ပါတယ်။

ဒါပေမယ့် အဲလ်ဗတ်စ် ဟာ ဇန်နဝါရီမှသာ ဘာစီလိုနာ အတွက် ကစားခွင့်ရရှိမှာဖြစ်ပြီး ကျောနံပတ်(၈)ဂျာစီ ကို ဝတ်ဆင်သွားမှာလည်းဖြစ်ပါတယ်။အဲလ်ဗတ်စ် နဲ့ ဘာစီလိုနာ တို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲက အချက်အလက်ကို RAC1 သတင်းက ဖော်ပြသွားပါတယ်။

ကတ်တလန်မီဒီယာရဲ့ဖော်ပြချက်အရ အဲလ်ဗတ်စ် ဟာ ရာသီမကုန်ခင် အသင်းကနေ ထွက်ခွာမှာမဟုတ်တဲ့ အာမခံချက်ကို ဘာစီလိုနာ အသင်းက ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အဲလ်ဗတ်စ် ဟာ ဇွန်လမတိုင်ခင် အသင်းကနေ ထွက်သွားမယ်ဆိုရင် ဘာစီလိုနာ ကို ယူရိုသန်း(၁၀၀)ပေးချေရမယ်လို့ ဆိုထားတာပါ။ဒီစာချုပ်ထဲမှာ နောက်ထပ်(၁)နှစ်ထပ်မံသက်တမ်းတိုးဖို့ ရွေးချယ်ခွင့်တော့မပါဝင်ဘူးလို့ အဆိုပါ သတင်းက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကလပ်နဲ့ ကစားသမားတို့ဘက်က သဘောတူညီမှုရခဲ့မယ်ဆိုရင် (၂၀၂၂) ဇွန်လမှာ နောက်ထပ်(၁)နှစ်စာချုပ်ချုပ်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

အဲလ်ဗတ်စ် ဟာ အသင်းဖော်ဟောင်း ဇာဗီ အသင်းကို နည်းပြအဖြစ်တာဝန်ယူပြီးနောက် အသင်းကို ကူညီဖို့ အတွက် တပတ်လုပ်ခလစာ(၁)ယူရို သာယူပြီး ကစားဖို့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အဲလ်ဗတ်စ် ဟာ ဒီလိုစာချုပ်တွေရှိနေပေမယ့် ဘာကာမှာပဲ စာချုပ်ကုန်ဆုံးတဲ့အထိ ရှိမယ်ဆိုတာ သေချာနေတာပါ။

ဘာစီလိုနာ အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက အောင်မြင်မှုအများအပြားရယူနိုင်ခဲ့တဲ့ အဲလ်ဗတ်စ် အနေနဲ့ ရလဒ်တွေဆိုးနေတဲ့ အသင်းကို ရလဒ်တွေကောင်းမွန်အောင် ဦးဆောင်ပေးမလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။