ရှုံးတာတောင် သမိုင်းလှန်ပြီး ပြိုင်ဘက်ကို ဘုတောတောသွားသေးတဲ့ ရော်နယ်ဒို

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆာဘီးယားကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြိုင်ဘက်ကစားသမားကို ပထမအကျော့က သူ့သွင်းဂိုးသာ ပယ်ဖျက်မခံခဲ့ရရင် မင်းတို့ ဒီလိုမျိုး ရယ်နိုင်မှာတောင်မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီအကြောင်းကိုတော့ ပေါ်တူဂီ နည်းပြ ဖာနန်ဒိုဆန်းတို့စ်ကိုယ်တိုင်က ပြောပြခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကို နှစ်သိမ့်ပေးဖို့ ကွင်းထဲအသွားမှာ ဒီပြောစကားကိုကြားလာခဲ့တာပါ။

ပထမအကျော့မှာ ရော်နယ်ဒိုရဲ့ ဆာဘီးယားဘက်ကို သွင်းယူခဲ့တဲ့သွင်းဂိုးက ဂိုးစည်းကို သိသိသာသာ ကျော်လွန်သွားခဲ့ပေမယ့် ဂိုးအဖြစ် ခွင့်မပြုခဲ့ဘဲ ရော်နယ်ဒိုကတော့ အဲ့ဒီဖြစ်ရပ်အတွက် သူ့ရဲ့ လက်ရွေးစင် အသင်းခေါင်းဆောင် လက်ပတ်ကိုပါ လွှင့်ပစ် ပေါက်ကွဲခဲ့ပါတယ်။

အခု နောက်ဆုံး ဆာဘီးယားကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ပေါ်တူဂီတို့ ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့် ဆုံးရှုံးခဲ့ရပြီး လာမယ့် (၂၀၂၂) မတ်မှာ Play-off ကစားရတော့မှာဖြစ်ပါတယ်။ ဆာဘီးယားကတော့ ပေါ်တူဂီကို အနိုင်ရရှိခဲ့တာကြောင့် အုပ်စုပထမနဲ့ ကာတာကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့တာပါ။

ပွဲအပြီးမှာတော့ ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က “အဓိပ္ပာယ်မရှိတဲ့ ကိစ္စပါပဲဗျာ။ ပွဲပြီးသွားတဲ့အချိန်မှာ စိတ်ပျက်လက်ပျက်ဖြစ်ရချက်က တော်တော်ရက်စက်ပါတယ်။ ပေါ်တူဂီလူမျိုးတွေ၊ ကစားသမားတွေ၊ ဝန်ထမ်းတွေဘက်က စဥ်းစားကြည့်လိုက်ပေါ့”

“ကစားသမားတွေအကုန်လုံး မြက်ခင်းပေါ်မှာ ထိုင်ချနေကြတယ်။ ကျနော်ကွင်းထဲဝင်ပြီး ကစားသမားတွေကို အားပေးဖို့ သွားချိန်မှာ ရော်နယ်ဒိုက သူ့ဂိုးသာ ခွင့်ပြုခံခဲ့ရရင် မင်းတို့ ဒီလိုပျော်နေမှာမဟုတ်ဘူးဆိုပြီး ပြိုင်ဘက်ကစားသမားကို ပြောနေပါတယ်။ ကျနော်က ရော်နယ်ဒိုကို ဖျောင်းဖျခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။