ငါ လုပ်ပြထားတာတွေ မမြင်ကြဘူးလားလို့ ဘုတ်အဖွဲ့ကို ဒေါကန်နေတဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူ့အနေနဲ့ ယူနိုက်တက်မှာ စွမ်းဆောင်ပြခဲ့သလောက် လုံလောက်တဲ့ မျက်နှာသာပေးမှုမျိုး မရခဲ့ဘူးလို့ဆိုပြီး ဘုတ်အဖွဲ့ကို ဒေါသပေါက်ကွဲနေပါတယ်။

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ခါးသီးပြိုင်ဘက် လီဗာပူး၊ မန်စီးတီးတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ဒီတစ်ပတ်မှာ ကစားမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် အထုတ်ခံရမယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

ဆိုးလ်ရှားကို ကာကွယ်ပေးနေကျ အသင်းရဲ့ ကစားသမားဟောင်း ဖာဒီနန်ကလည်း ဆိုးလ်ရှားအနေနဲ့ ရာထူးက နှုတ်ထွက်သင့်တယ်လို့ ပြောကြားခဲ့ပြီး ဆိုးလ်ရှားကတော့ ဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ ဆိုးလ်ရှားဟာ အသင်းကိုစွန့်ခွာသွားဖို့ ဆန္ဒမရှိနေဘဲ အခြေအနေဆိုးတွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် ဘုတ်အဖွဲ့ကိုလည်း ရာသီအစအခြေအနေကိုသာ ကြည့်တဲ့အပေါ် စိတ်ဆိုးနေပြီး လူတွေက သူရရှိခဲ့တဲ့ အောင်မြင်မှုတွေကို မေ့လျော့ထားတယ်လို့ ခံစားနေရပါတယ်။

ဆိုးလ်ရှားဟာ ယူနိုက်တက်ကို ရာသီအပြည့်ကိုင်တွယ်ခဲ့တဲ့ ဘောလုံးရာသီနှစ်ခုရဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၃)၊ အဆင့် (၂) တို့ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီမှာ ရော်နယ်ဒို၊ ဗာရန်း၊ ဆန်ချိုတို့လို ကစားသမားတွေကို ခေါ်ယူထားတဲ့နောက် ဆိုးလ်ရှားရဲ့ လက်ရှိစွမ်းဆောင်ရည်က လုံလောက်မှုမရှိတာ အသေအချာပဲဖြစ်ပါတယ်။