ဒီလောက်အပြစ်ပြောခံနေရတာ ယူနိုက်တက်အတွက် မကန်ပေးနဲ့တော့လို့ ပေါ့ဘာကို ဆက်ဂ်နာပြော

ပြင်သစ်နဲ့အာဆင်နယ် နောက်ခံလူဟောင်းကြီး ဆက်ဂ်နာက ယူနိုက်တက်မှာ ဝေဖန်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတဲ့ ပေါ့ဘာအနေနဲ့ ယူနိုက်တက်အတွက် မကစားပေးသင့်တော့ဘူးလို့ ပြောကြားလာပါတယ်။

လီဗာပူးကို ၀-၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲမှာ ပေါ့ဘာကို ယူနိုက်တက် ဂန္တဝင်ဟောင်း ပေါလ်စခိုးလ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် ဆက်ဂ်နာက အခုလိုပဲ ပြောကြားခဲ့တာပါ။

ဆက်ဂ်နာက “ပေါ့ဘာကစားတဲ့ပုံကိုရော၊ ပေါ့ဘာကိုရော ကျနော် သဘောကျပါတယ်။ သူ့ဘက်ကနေ ဘာမှတော့ လိုက်မပြောချင်ပါဘူး။ ဒါပေမယ့် လတ်တလောအခိုက်အတန့်မှာ သူနဲ့ပရိသတ်တွေကြား အဆင်မပြေတဲ့ပုံပါပဲ”

“ဘာလို့လဲဆိုတော့ ပရိသတ်တွေက သူ့ဆီကဆိုရင် အများကြီး မျှော်လင့်ထားကြလို့လေ။ သူတို့က ပြီးပြည့်စုံတယ်ဆိုတာပဲ လိုချင်နေကြတာ။ ပေါ့ဘာက ကွင်းထဲမှာဆိုရင် နေရာလွတ်တွေ ဖန်တီးပေးနိုင်ပြီး အခု ရော်နယ်ဒိုအတွက် လိုအပ်နေတာမျိုးတွေပေါ့”

“ပေါ့ဘာက လီဗာပူးနဲ့ပွဲက အနီကတ်ကြောင့် ဝေဖန်ခံနေရပြန်ပါတယ်။ ဒါပေမယ့် သူက ဘောလုံးကို ရယူဖို့ ကြိုးစားခဲ့တာပဲရှိတာပါ။ ခင်ဗျားတို့ သူ့ဆီက ဘာလိုချင်တာလဲ။ မတ်တပ်ရပ်ကြည့်နေရမှာလား?”

“သူ အနီကတ်ထိတော့ ရယ်နေတာကိုကြည့်ပြီး လူတွေက ဂရုမစိုက်ဘူးထင်နေကြတယ်။ ဒါက သူစိတ်ပျက်လို့ ရယ်နေတာပါ”

“သူ အသင်းမှာ ဆက်ရှိ၊ မရှိ ကျနော်မသိပါဘူး။ ဒါပေမယ့် ကျနော်သူ့ကို တောက်ပစေချင်ပါတယ်။ သူကတော့ မန်ချက်စတာကို ချစ်မြတ်နိုးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။