သူပြောင်းမယ့်အသင်းကို ချပြလိုက်ပြီး ယူနိုက်တက်ရဲ့ဒေါသကို ဆွပေးလိုက်တဲ့ လင်ဂတ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ကွင်းလယ်ကစားသမား လင်ဂတ်က ဝက်စ်ဟမ်း အသင်းကို ပြောင်းဖွယ်ရှိတယ်လို့ အချက်ပေးလိုက်ပြီဖြစ်ပါတယ်။လင်ဂတ် ဟာ သူ့ရဲ့အင်စတာဂရမ်မှာ ဝက်စ်ဟမ်းအသင်းဂျာစီ နဲ့ ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

လင်ဂတ် ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပွဲကစားခွင့် အကန့်အသတ်သာရရှိနေတဲ့ အပေါ်မှာ စိတ်ပျက်နေပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ ရှိနေပြီလည်းဖြစ်ပါတယ်။

လင်ဂတ် ဟာ ပြီးခဲ့တဲ့နှစ် ရာသီဝက်က ဝက်စ်ဟမ်း အသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။ဝက်စ်ဟမ်း အသင်းဟာ လင်ဂတ်ကို အပြီးသတ်ဝယ်ယူချင်ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းက ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ လင်ဂတ် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကတော့ စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေခဲ့တာပါ။ဒါပေမယ့် စာချုပ်အတွက် ဆွေးနွေးမှုတွေဟာ ပျက်ပြယ်သွားခဲ့ပါတယ်။

လင်ဂတ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာဖြစ်ပြီး ဝက်စ်ဟမ်း အသင်းက ဇန်နဝါရီမှာ ပေါင်(၁၀)သန်းနဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးစားမှာလည်းဖြစ်ပါတယ်။သတင်းတွေအရ လင်ဂတ် ဟာ ဝက်စ်ဟမ်း ကို သွားဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရခဲ့တယ်လို့တောင် ဖော်ပြနေပါတယ်။

အခုဆိုရင် လင်ဂတ် ဟာ သူ့ရဲ့အင်စတာဂရမ်မှာ ဝက်စ်ဟမ်း အတွက် ဂိုးသွင်းယူပြီး အောင်ပွဲခံ‌နေတဲ့ ပုံကို တင်ခဲ့တာဟာ သူ့ရဲ့ခံစားချက်ကို ဖော်ပြလိုက်တာပဲလို့ သုံးသပ်နေကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှား ကတော့ လင်ဂတ်ဟာ အသင်းရဲ့အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေဆဲပဲလို့ ပြောထားပါတယ်။လင်ဂတ် ဟာ ဒီရာသီမှာ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံစဉ် အနိုင်ဂိုးသွင်းပြီး အောင်ပွဲခံခြင်းမရှိခဲ့တာဖြစ်ပါတယ်။