ဆိုးလ်ရှားနေရာကိုဝင်ဖို့ ရော်နယ်ဒိုက လုံလောက်တဲ့အနေအထားမရှိသေးဘူးလို့ဆိုတဲ့ အီယန်ရပ်ရှ်

လီဗာပူးဂန္တဝင်ကစားသမားကြီး အီယန်ရပ်ရှ်ကတော့ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ချီးကျူးခဲ့ပေမယ့် နည်းပြဆိုးလ်ရှားရဲ့ နေရာမှာ အစားဝင်ဖို့ လုံလောက်တဲ့ အတွေ့အကြုံ မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ရောက်လာပြီးတည်းက ဆိုးလ်ရှားကို အကြိမ်ကြိမ်ကယ်တင်နေရပြီး အထူးသဖြင့် ချန်ပီယံလိဂ်ပွဲတွေမှာ သူ့ရဲ့သွင်းဂိုးတွေသာမပါဝင်ခဲ့ရင် ယူနိုက်တက်တို့ အုပ်စုအောက်ဆုံးမှာတောင် ရပ်တည်နေမှာပါ။

ဆိုးလ်ရှားကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ အထုတ်ခံရဖို့အတွက် ရေပန်းအစားဆုံးနည်းပြဖြစ်နေပြီး ဒီတစ်ပတ် ဝက်ဖို့ဒ်နဲ့ပွဲမှာရော ရော်နယ်ဒို ဆိုးလ်ရှားကို ကယ်တင်နိုင်ဦးမလား စောင့်ကြည့်ရပါလိမ့်မယ်။

အီယန်ရပ်ရှ်ကလည်း “ရော်နယ်ဒိုက အိုးထရက်ဖို့ဒ်မှာ အရမ်းအရမ်းကို အရေးပါတဲ့ ကစားသမားဖြစ်နေပါပြီ။ ဆိုးလ်ရှားပြီးရင် သူ နည်းပြဖြစ်လာဖို့အတွက်တောင် ပြောနေကြတာပါ။ ကျနော် ရော်နယ်ဒိုကို ကြည့်လိုက်တဲ့အချိန်တိုင်း သူ့ကိုခေါင်းဆောင်တစ်ယောက်လို မြင်မိပါတယ်”

“ဒါပေမယ့် သူ့ဘေးမှာ ဖာဂူဆန်မရှိတော့ သူ ယူနိုက်တက်ကို မကြာခင် ကိုင်တွယ်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ကွင်းဘေးမှာ သူ့ရဲ့ ဦးဆောင်နိုင်စွမ်းတွေကို ကျနော်တို့ ယူရို- ၂၀၁၆ တည်းက မြင်တွေ့ခဲ့ဖူးပါတယ်။ သူက အသင်းသားတွေကို အကောင်းဆုံး ညွှန်ကြားလှုံ့ဆော်ပေးနိုင်ခဲ့ပြီး နည်းပြတစ်ယောက်လိုမြင်ခဲ့ရတာပါ”

“သူ့ဆီမှာ နည်းပြဖြစ်နိုင်တဲ့အရည်အချင်းတွေ အများကြီးရှိနိုင်တယ်ဆိုပေမယ့် ယူနိုက်တက်လို အသင်းမျိုးကို ကိုင်တွယ်ဖို့တော့ လုံလောက်တဲ့ အတွေ့အကြုံမရှိသေးပါဘူး။ အဲ့ဒါကြောင့်လည်း ကျနော် သူ့ကို ဆိုးလ်ရှားနေရာ အစားထိုးနိုင်မယ့်သူအဖြစ် မမြင်တာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။