ဆိုးလ်ရှားလုပ်ပုံတွေကိုကြည့်ပြီး ယူနိုက်တက်ဆိုရင် ပိုးဟပ်တွေ့သလိုဖြစ်နေတဲ့ ဟာလန်း

သတင်းတွေရဲ့ ဖော်ပြချက်အရ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ ယူနိုက်တက်ကို လာရောက်ဖို့ ဆန္ဒမရှိဘူးလို့ သိရှိရပါတယ်။ အကြောင်းရင်းကတော့ လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့ လုပ်ပုံကိုင်ပုံတွေကြောင့်ပါ။

ဆိုးလ်ရှားဟာ ဗန်ဒီဘိခ်၊ ဆန်ချိုတို့လို ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံတွေကို ထုတ်ယူအသုံးချနိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့နွေရာသီကမှ စျေးကြီးပေးခေါ်ထားတဲ့ ဆန်ချိုကလည်း လက်ရှိအချိန်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပါပြီ။

ဟာလန်းနဲ့ဆန်ချိုတို့ဟာ ဒေါ့မွန်မှာ အတွဲအဖက်ကောင်းတွေဖြစ်ကြပြီး ဆန်ချို ယူနိုက်တက်ကို ပြောင်းသွားတဲ့အချိန်မှာ ဟာလန်းကလည်း ဝမ်းနည်းစကားဆိုခဲ့သေးတာပါ။ ဒါပေမယ့် ဆန်ချိုရဲ့ လက်ရှိအနေအထားက ဒေါ့မွန်ဥက္ကဌ ဝေါ့ဇ်ကီကိုပါ ကြေကွဲစေခဲ့တာပါ။

ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ဟာလန်းကို ဥရောပထိပ်တန်းအသင်းကြီးတွေနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ပေမယ့် လက်ရှိဆိုးလ်ရှားရဲ့ အနေအထားကြောင့် ကစားသမားကောင်းတွေကို ဆွဲဆောင်ဖို့ ခက်ခဲပါလိမ့်မယ်။

ဟာလန်းဟာ ဆိုးလ်ရှားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသည့်တိုင် ယူနိုက်တက်က ဆန်ချိုရဲ့အဖြစ်ကိုကြည့်ပြီး အိုးထရက်ဖို့ဒ်ကိုလာဖို့ စိတ်ကူးမရှိတော့ဘူးလို့ Eurosport က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ဗဟိုတိုက်စစ်မှူးတစ်ယောက်ကို မဖြစ်မနေခေါ်ယူဖို့ လိုအပ်နေပြီး ဒီအတွက် ဟာလန်းက အနီးစပ်ဆုံးကြိုးစားရမယ့် ပစ်မှတ်ပါ။

လက်ရှိယူနိုက်တက်တိုက်စစ်ပိုင်းမှာ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်၊ မာစီရယ်လ်၊ ဂရင်းဝုဒ်၊ ရော်နယ်ဒို၊ ကာဗာနီတို့လို ကစားသမားတွေရှိနေပြီး ဒီကစားသမားတွေအကုန်လုံးလည်း တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။