ဆိုးလ်ရှားနဲ့ ကတ္တီပါလမ်းခွဲတော့မယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဝက်ဖိုဒ့် အသင်းကို အရေးနိမ့်ပြီးနောက် နည်းပြဖြစ်သူ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ (၅)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ရလဒ်တွေအလွန်ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် ဘုတ်အဖွဲ့ဟာ ဝက်ဖိုဒ့် ကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ချက်ချင်းပဲ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကစားသမားဟောင်းကို ထုတ်ပယ်ဖို့ လျော်ကြေးနဲ့ စာရွက်စာတမ်းကိစ္စတွေကို အပြီးသတ်ဖို့ လုပ်ပြီးတာနဲ့ တရားဝင်ထုတ်ပြန်တော့မှာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အသင်းကို ကစားသမားဟောင်းတွေဖြစ်တဲ့ ဖလက်ချာနဲ့ ကာရစ် တို့က ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားမှာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ က ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ဝက်ဖိုဒ့် ကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဆိုးလ်ရှားဟာ အသင်းအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေကို နှုတ်ဆက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ရလဒ်တွေဆိုးရွားနေတာတောင် ဆိုးလ်ရှားကို စိတ်ရှည်ခံသည်းခံခဲ့ပေမယ့် ဒီတကြိမ်မှာတော့ သည်းခံနိုင်စွမ်းတွေကုန်ဆုံးသွားခဲ့တာပါ။

(၂၀၁၈) ဒီဇင်ဘာလတည်းက အသင်းကို ယာယီနည်းပြကနေ အမြဲတမ်းနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ဆိုးလ်ရှားဟာ ဆုဖလားရရှိအောင် ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိတာပါ။ဆုဖလားရဖို့ အနီးစပ်ဆုံးအဖြစ် မနှစ်ကရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲတက်နိုင်ခဲ့တာပဲရှိခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၇)နေရာကို ရောက်ရှိနေပြီး ထိပ်ဆုံးနေရာက ချယ်လ်ဆီးနဲ့ (၁၂)မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြားရက်မှာ ဗီလာရီးရယ်လ်နဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။