ပြင်သစ် လီဂူးဝမ်းမှာ ပထမဆုံးဂိုးပေါက်တွေ့ခဲ့ပြီဖြစ်တဲ့ မက်ဆီ

မက်ဆီ ကတော့ နန့်တက်စ် အသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးလိဂ်သွင်းဂိုးကို ရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီပွဲမှာ ဂိုးသမား နာဗတ်စ် ထုတ်ပယ်ခံခဲ့ရပေမယ့် (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီ အတွက် ဂိုးတွေကို ဘတ်ပီ၊မက်ဆီနဲ့ နန့်တက်စ် ကစားသမား အပီယား က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ နန့်တက်စ် ကို အနိုင်ရတဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ပြင်သစ်လီဂူးဝမ်းမှာ ဂိုးပေါက်ပျောက်ဆုံးနေလို့ ဝေဖန်ခံနေရတာကိုလည်း အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ ဒီဂိုးကို သူ့ရဲ့ကန်သွင်းနေကျပုံစံအတိုင်းပဲ ဂိုးဧရိယာအပြင်ဘက်ကနေ လှလှပပ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနား ကစားသမား ဟာ ဒဏ်ရာပြသနာတွေကြောင့် ပီအက်စ်ဂျီ အသင်း နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲဆက် မပါဝင်နိုင်ခဲ့တာပါ။

ဒါပေမယ့် ဒီပွဲမှာတော့ မက်ဆီ ဟာ ပီအက်စ်ဂျီ အတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီ ဟာ ပီအက်စ်ဂျီ အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မက်ဆီ ဟာ ပီအက်စ်ဂျီ ကစားသမားဘဝ ပွဲပေါင်း(၉)ပွဲကစားအပြီးမှာ (၄)ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။အသက်(၃၄)နှစ်အရွယ်ရှိ မက်ဆီ ဟာ အခုနှစ်အတွင်းမှာ (၄၁)ဂိုးသွင်းထားပြီး (၁၅)ဂိုးဖန်တီးထားတာပါ။

ပီအက်စ်ဂျီ အသင်းဟာ ကြားရက်မှာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကစားရမှာဖြစ်ပြီး မက်ဆီ အနေနဲ့ နောက်ထပ်ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။