ဆိုးလ်ရှားအထုတ်ခံရတော့မယ်ဆိုတာကို သိနေလို့ မျက်ရည်ပင်လယ်ဝေခဲ့တဲ့ ကစားသမားများ

မနေ့ညက ဝက်ဖို့ဒ်ကို ၄-၁ ဂိုးနဲ့ အဝေးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဆိုးလ်ရှားအပေါ် အသင်းဘုတ်အဖွဲ့ရဲ့ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဘုတ်အဖွဲ့က ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ဖို့ ချက်ချင်းအစည်းအဝေးလုပ်ခဲ့ပြီး ဒီအစည်းအဝေးမှာ ဆိုးလ်ရှားရဲ့ လျော်ကြေးငွေကိစ္စရပ်ကိုပါ တခါတည်းဆွေးနွေးခဲ့ကြတာပါ။

လတ်တလောမှာ ယူနိုက်တက်က ဆိုးလ်ရှားအစား ဖလက်ချာ၊ ကာရစ်တို့ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားဖို့ရှိပြီး ဂလေဇာရဲ့ညွှန်ကြားမှုနဲ့အတူ ဇီဒန်းကို အရခေါ်ယူဖွယ်ရှိပါတယ်။

အသင်းကစားသမားတွေကလည်း ဝက်ဖို့ဒ်နဲ့ပွဲအပြီး အဝတ်လဲခန်းထဲမှာပဲ ဆိုးလ်ရှားအထုတ်ခံရမယ်ဆိုတာကို ခန့်မှန်းမိပြီး ငိုကြွေးခဲ့တယ်လို့ သိရပါတယ်။ အသင်းဝန်ထမ်းအချို့ကလည်း ဒီအပေါ်မှာ အံ့အားသင့်ခဲ့ရတယ်လို့ မန်ချက်စတာညနေခင်းသတင်းဌာနက ဖော်ပြခဲ့သေးတာပါ။

ဆိုးလ်ရှားကိုယ်တိုင်ကလည်း လက်ရှိအချိန်မှာ ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေကို နှုတ်ဆက်ပြီးပြီလို့ သိရှိရပြီး ဆိုးလ်ရှားနဲ့လမ်းခွဲတဲ့အကြောင်းကိုလည်း ယူနိုက်တက်တို့ (၂၄) နာရီအတွင်း ကြေညာသွားဖွယ်ရှိပါတယ်။

လီဗာပူးကို အိမ်ကွင်းမှာ ၀-၅ ဂိုးနဲ့ရှုံးနိမ့်ပြီးတည်းက ဆိုးလ်ရှားက တော်တော်လေးဖိအားများလာခဲ့ပြီး အတ္တလန်တာ၊ စပါးတို့နဲ့ပွဲတွေမှာ ရလဒ်ကောင်းခဲ့ပေမယ့် မန်စီးတီး၊ အခု ဝက်ဖို့ဒ်တို့နဲ့ပွဲတွေမှာ ရလဒ်ပိုင်း ပြန်လည် ဆိုးရွားခဲ့တာကြောင့် သူ့ရာထူးကို လက်လွှတ်ဆုံးရှုံးရတော့မှာပါ။

ဝက်ဖို့ဒ်ကို ရှုံးတဲ့ပွဲအပြီး အဝေးကွင်းကို  လိုက်ပါအားပေးခဲ့တဲ့ ယူနိုက်တက်ပရိသတ်တွေကလည်း ဆိုးလ်ရှားကို အော်ဟစ်လှောင်ပြောင်မှုတွေရှိခဲ့ပေမယ့် ဆိုးလ်ရှားကတော့ ကစားသမားတွေနဲ့ သူ့အကြား ဆက်ဆံရေးကို နောက်ဆုံးအချိန်ထိ အကောင်းဆုံး ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။