မင်းတို့အဖွဲ့က ဘာဖြစ်ချင်နေတာလဲလို့ အာတီတာတို့ကိုဒဲ့ပဲမေးခဲ့တဲ့အကြောင်း ကလော့ပ်ဖွင့်ဟ

လီဗာပူးနည်းပြ ကလော့ပ်က မနေ့ညက လီဗာပူးနဲ့အာဆင်နယ်ပွဲမှာ နှစ်ဖက်နည်းပြအဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ခဲ့တဲ့အပေါ် ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံခန်းမှာ ပြန်ပြောင်းပြောပြခဲ့ပါတယ်။

လီဗာပူးက အာဆင်နယ်ကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဒီပွဲရဲ့ ပွဲကစားချိန် ပထမပိုင်းမှာ မာနေးနဲ့ တိုမီယာဆုတို့ လေထဲမှာ ဘောလုံးယှဥ်လုရင်း ထိခိုက်မိခဲ့ပြီး ဒီဖြစ်ရပ်အတွက် မာနေးကို အနီကတ်ပြသင့်တယ်လို့ အာဆင်နယ်နည်းပြအဖွဲ့ဝင်တွေက စောဒကတက်ခဲ့ကြတာပါ။

အဲ့ဒါကြောင့်လည်း ကလော့ပ်နဲ့ အာတီတာတို့ အကြီးအကျယ်ထိပ်တိုက်တွေ့ခဲ့ပြီး နှစ်ယောက်လုံးကိုလည်း ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ကလော့ပ်က “မာနေးက ပြိုင်ဘက်ကို ဘာပြစ်ဒဏ်မှ ကျူးလွန်ခဲ့တာမဟုတ်ပါဘူး”

“ဒါပေမယ့် အာဆင်နယ်အရံခုံတန်းဘက်ကတော့ ဒါကို အနီကတ်လောက်နီးနီး ပြောနေကြတာပါ။ အဲ့ဒါနဲ့ ကျနော်လည်း သူတို့ဘာလိုချင်နေတာလဲလို့ မေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်မှကို ကျနော် နားလည်ပေးလို့မရလို့ပါ”

“အက်သလက်တီကိုနဲ့ပွဲမှာလည်း ပြိုင်ဘက်က မာနေးကို အနီကတ်ပြစေချင်တယ်၊ ဒါပေမယ့် အဝါကတ်ပဲပြခဲ့ပြီး ကျနော်ပဲ လူစားလဲလိုက်ပါတယ်။ အခု ဒီပွဲမှာ ဒိုင်လူကြီးက ကောင်းကောင်းထိန်းကျောင်းခဲ့ပါတယ်။ ကျနော်လည်း အဝါကတ်နဲ့ ထိုက်တန်ပါတယ်”

“ဒီအတွက် ဘာပြဿနာမှမရှိပါဘူး။ တကယ်လို့ အရမ်းကြမ်းတဲ့ ဖျက်ထုတ်မှုဆိုလည်း တစ်မျိုးပေါ့။ အခုက ဘာမှမဟုတ်တာလေးကို ဖြစ်နေတာပါ။ အာတီတာရဲ့လုပ်ပုံကလည်း မဟုတ်ပါဘူး။ အဲ့ဒါကြောင့်လည်း ကျနော်ပြောခဲ့တာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။