မက်ဆီကို ယှဥ်ဖို့ အယောက် (၂၀) လောက်ရောက်လာဖူးတယ်၊ ဘယ်သူမှမယှဥ်နိုင်ဘူးလို့ ဂွါဒီယိုလာပြော

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လက်ရှိအချိန်မှာ ဘန်ဇီမာပြသနေတဲ့ ခြေစွမ်းကြောင့် ဒီကစားသမားက မက်ဆီလို အဆင့်အတန်းကို ရောက်နေပြီလားဆိုတဲ့ မေးခွန်းအပေါ် တုံ့ပြန်ပြောကြားလိုက်ပါတယ်။

လက်ရှိ (၂၀၂၁) ဘလွန်းဒီအော်ဆုအတွက် မက်ဆီရေပန်းစားနေသလို တိုက်စစ်မှူးတွေဖြစ်တဲ့ လီဝန်ဒေါစကီး၊ ဘန်ဇီမာတို့လည်း မျှော်လင့်ချက်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

မက်ဆီဟာ ဘလွန်းဒီအော်ဆုအများဆုံးရ ကစားသမားအဖြစ် (၆) ကြိမ်ရရှိထားပြီး ဒီတစ်ကြိမ် ထပ်မံဆွတ်ခူးခဲ့ရင် သူ့အတွက် (၇) ကြိမ်မြောက် ဆွတ်ခူးနိုင်မှာလည်းဖြစ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ ဂွါဒီယိုလာက ဘန်ဇီမာနဲ့ မက်ဆီအကြား နှိုင်းယှဥ်မှုတွေနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောပြခဲ့တာပါ။ ဂွါဒီယိုလာက “ဘန်ဇီမာက အရမ်းကို ထူးခြားကောင်းမွန်တဲ့ အံ့အားသင့်ဖွယ် ကစားသမားပါ”

“ဒါပေမယ့် ကျနော် ဘာစီလိုနာမှာရှိနေတည်းက မက်ဆီနဲ့ နှိုင်းယှဥ်နိုင်မလားဆိုပြီး ရောက်လာတဲ့ ကစားသမားစာရင်းက အယောက် (၂၀) လောက်ရှိပါတယ်။ အယောက် (၂၀) နော်၊ အယောက် (၂၀) ပါ။ ဘန်ဇီမာက ဒီစာရင်းမှာပါဝင်လာတဲ့ ကစားသမားတစ်ယောက်အနေနဲ့ပဲရှိပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဘန်ဇီမာဟာ ရော်နယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း ရီးရဲယ်မက်ဒရစ်ရဲ့ ဂိုးသွင်းတာဝန်ကို အဓိကယူထားပြီး ပြင်သစ်လက်ရွေးစင်မှာလည်း ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ နိုင်ငံနဲ့ကလပ်မှာ ပွဲတိုင်းနီးပါး ဂိုးသွင်းနိုင်တဲ့နောက် သူကိုယ်တိုင်လည်း ဘလွန်းဒီအော်ဆုကို မျှော်မှန်းထားတယ်လို့ ဆိုထားတာဖြစ်ပါတယ်။