မက်ဆီ ကို ကမ္ဘာ့အကောင်းဆုံးကစား သမားလို့ ထပ်ပြောလိုက်ပြန်တဲ့ ပိုချက်တီနို

ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနို က မက်ဆီ ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ချီးကျုးလိုက်ပါတယ်။ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာ ကနေ အလွတ်နဲ့ ရောက်ရှိလာတဲ့ မက်ဆီ ဟာ ပီအက်စ်ဂျီ အတွက် လီဂူး၀မ်းပထမဆုံးဂိုးကို နန့်တက်စ်နဲ့ ပွဲမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ ပြီးခဲ့တဲ့ လီဂူး၀မ်းပွဲစဉ်(၅)ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရပေမယ့် ဒီပွဲမှာ ဂိုးသွင်းပြီး ဝေဖန်မှုတွေကို အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ ဒီနိုင်ပွဲကြောင့် လီဂူး၀မ်း (၁၄)ပွဲ ကစားအပြီးမှာ ဒုတိယနေရာက ရီးနတ်စ် အသင်းကို (၁၂)မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။

ပိုချက်တီနို က “သူဟာ လိဂ်ဂိုးမရတာနဲ့ ပတ်သက်ပြီး စိတ်ပူတယ်လို့ ကျွန်တော်မထင်ပါဘူး။သူဟာ ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံပါ။ကမ္ဘာ့အကောင်းဆုံးကစားသမားပေါ့။ဒီလိုအခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာ သူသိတာပေါ့”

“ဒါကြောင့်လည်းသူဟာ စိတ်ရှည်သည်းခံမှုရှိခဲ့တယ်။ပြီးတော့ သူဟာ အကောင်းဆုံးဂိုးကို သွင်းယူသွားခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။မက်ဆီကလည်း ပီအက်စ်ဂျီ အသင်း ပရိသတ်ရှေ့မှောက်မှာ ပထမဆုံးလိဂ်ဂိုးရယူနိုင်ခဲ့လို့ ပျောရွှင်ရကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မက်ဆီ ဟာ လီဂူး၀မ်းပြိုင်ပွဲမှာ ပထမဆုံးသွင်းဂိုးရယူနိုင်ခဲ့တာကြောင့် ဒီရာသီ ပီအက်စ်ဂျီ အသင်းအတွက် သွင်းဂိုး(၄)ဂိုးရယူထားပြီးလည်းဖြစ်ပါတယ်။မက်ဆီ ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိ မက်ဆီ ဟာ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကဖလားရယူနိုင်ခဲ့တာကြောင့် ဒီလထဲမှာ ပေးအပ်မယ့် ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့လည်း ရေပန်းစားနေတာဖြစ်ပါတယ်။မက်ဆီ အတွက်တော့ အခုတကြိမ်သာ ရရှိမယ်ဆိုရင် ဘောလွန်းဒီအောဆုကို (၇)ကြိမ်မြောက်အဖြစ် ပိုင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။

မက်ဆီ ကတော့ ဒီဆုကို ရခဲ့မယ်ဆိုရင် ရူးသွပ်စရာကောင်းသွားမှာဖြစ်ပြီး မရခဲ့ရင်လည်း ဘာမှဖြစ်မှာမဟုတ်ဘူးလို့ ပြောဆိုထားခဲ့တာပါ။မက်ဆီ က အာဂျင်တီးနားနဲ့ ပထမဆုံးဆုဖလားရယူနိုင်ခဲ့တာ ကို ပျော်ရွှင်နေတာလည်းဖြစ်ပါတယ်။