(၄) မိနစ်ပဲကန်ပြီး ပွဲဖျက်လိုက်ရတဲ့အထိဖြစ်သွားခဲ့တဲ့ လိုင်ယွန်နဲ့မာဆေးလ်ပွဲ

မနေ့က ကစားခဲ့တဲ့ လိုင်ယွန်နဲ့မာဆေးလ်တို့ရဲ့ပွဲကတော့ စောစောစီးစီးပဲ ပွဲကို ရပ်တန့်လိုက်ရပါတယ်။ အကြောင်းရင်းကတော့ အိမ်ရှင် လိုင်ယွန်ပရိသတ်ထဲက ပစ်ပေါက်လိုက်တဲ့ ရေပုလင်းကြောင့်ပါ။

ဒီပွဲရဲ့ ပွဲကစားချိန် (၄) မိနစ်မပြည့်ခင်မှာ ထောင့်ကန်ဘောကန်ဖို့ ဘောလုံးတည်နေတဲ့ မာဆေးလ် ကစားသမား ပါယက်ကို လိုင်ယွန်ပရိသတ်ထဲက ပစ်ပေါက်လိုက်တဲ့ ရေပုလင်းက ထိထိမိမိ မှန်သွားခဲ့ပြီး ပါယက်တစ်ယောက် ဆေးကုသမှုခံယူခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကွင်းလယ်ဒိုင်က နှစ်သင်းလုံးကို အဝတ်လဲခန်းထဲ ပြန်ဝင်စေခဲ့ပြီး ကစားသမားတွေရဲ့ လုံခြုံရေးကို အာမ,မခံနိုင်တာကြောင့် (၂) နာရီနီးပါးကြာမြင့်တဲ့အထိ ပွဲကို ပြန်မစနိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ ပွဲကို ဖျက်သိမ်းလိုက်ရတာပါ။

ဒီလိုမျိုး ပွဲဖျက်လိုက်ရတာက မာဆေးလ်ကစားသမားတွေကြောင့်ဖြစ်တယ်လို့လည်း လိုင်ယွန်ဥက္ကဌ အောလက်စ်က ပေါက်ကွဲနေပါတယ်။ အောလက်စ်က “ဒိုင်လူကြီးက ပွဲကို ပြန်စမယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ မာဆေးလ် ကစားသမားတွေက ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့ပါတယ်”

“အဲ့ဒီနောက်မှာ ဒိုင်လူကြီးက သူ့ဆုံးဖြတ်ချက်ကို ပြင်လိုက်တာပဲ” လို့ ပြောကြားခဲ့ပေမယ့် ကွင်းလယ်ဒိုင် ဘူအက်ကတော့ သူ့အနေနဲ့ အရင်တည်းက ပွဲကိုပြန်စဖို့ ဆုံးဖြတ်ထားတာမျိုးမရှိဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

ဒီနှစ် ပြင်သစ်လီဂူးပွဲစဥ်တွေမှာ ပရိသတ်ဆိုးသွမ်းမှုက တော်တော်လေးမြင့်မားလာခဲ့ပြီး နိုက်စ်နဲ့မာဆေးလ်ပွဲမှာ နိုက်စ်ပရိသတ်တွေနဲ့ မာဆေးလ်ကစားသမားတွေ အကြီးအကျယ်ပြဿနာတက်ခဲ့ဖူးပါတယ်။

ဒါ့အပြင် မကြာခင်က ကစားထားတဲ့ မာဆေးလ်နဲ့ပီအက်စ်ဂျီပွဲမှာလည်း နေမာ ထောင့်ကန်ဘောကန်ချိန်မှာ သူ့ဘေးနားမှာ လုံခြုံရေးတွေက ဒိုင်းကာတွေနဲ့ပါ ကာကွယ်ပေးခဲ့ရပါတယ်။