ဆိုးလ်ရှားရုံးခန်းထဲက နည်းစနစ်ဘုတ်ပြားပေါ်မှာကျန်ခဲ့တဲ့ ညွှန်ကြားမှုများအကြောင်း

ယူနိုက်တက်ကတော့ သူတို့နည်းပြ ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်လိုက်ပြီဆိုတာ မနေ့က တရားဝင်ကြေညာခဲ့ပါတယ်။ ဆိုးလ်ရှားကလည်း အသင်းကစားသမားတွေ၊ ဝန်ထမ်းတွေကို မနေ့က နောက်ဆုံးနှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့ပါပြီ။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူပေါ့ဘာကတော့ လတ်တလောမှာ ဒူဘိုင်းကို ရောက်ရှိနေပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတာကြောင့် ဆိုးလ်ရှားနဲ့ လူချင်းတွေ့ နှုတ်ဆက်ဖြစ်ခဲ့ခြင်းမရှိပါဘူး။

ဒါ့အပြင် တိုက်စစ်မှူး ကာဗာနီလည်း ဆိုးလ်ရှားရဲ့ နောက်ဆုံးပွဲမှာ မရှိခဲ့ပါဘူး။ ကာဗာနီကလည်း ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး ဒီလိုမျိုးမနှုတ်ဆက်ဖြစ်ခဲ့တာက သူတို့ကြား ပြဿနာတစ်စုံတစ်ရာရှိလို့ မဟုတ်ဘူးလို့ သိရပါတယ်။

ဆိုးလ်ရှား ထွက်ခွာသွားပြီးနောက် သူ့ရုံးခန်းထဲက နည်းစနစ် ဘုတ်ပြားပေါ်မှာ ရေးသားထားတဲ့ စာသားတွေကို မီဒီယာတွေက ဖွင့်ချခဲ့ပါတယ်။ ဒါတွေကတော့ “ရိုးရှင်းပြီး ထိရောက်ဖို့၊ ရိုးရှင်းတဲ့အရာတွေကို ဂုဏ်ယူစွာ လုပ်ဆောင်နိုင်ဖို့၊ ကိုယ့်ရဲ့မှော်ဆန်တဲ့ အခိုက်အတန့်တွေကို ဖန်တီးဖို့၊ ယူနိုက်တက်အတွက် ကစားပေးဖို့” ဖြစ်တယ်လို့ သိရပါတယ်။

ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြဘဝ နောက်ဆုံးအချိန်ကာလတွေမှာ ရလဒ်တွေ အကြီးအကျယ် ဆိုးရွားခဲ့သည့်တိုင် ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေနဲ့ ဆက်ဆံရေးကောင်းကို နောက်ဆုံးအချိန်ထိ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှား ရာထူးကထုတ်ပယ်ခံရမယ်ဆိုတာကို ရိပ်စားမိခဲ့တဲ့ ကစားသမားအချို့ကလည်း ဝက်ဖို့ဒ်နဲ့ပွဲအပြီး အဝတ်လဲခန်းမှာတင် ငိုကြွေးခဲ့ကြတယ်လို့လည်း အသင်းဝန်ထမ်းအချို့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။