လာမယ့်ရာသီကျ ယူနိုက်တက်ပရီးမီးယားလိဂ်ဖလားရလိမ့်မယ်လို့ ဆိုးလ်ရှားပြောသွားခဲ့

ယူနိုက်တက် နည်းပြ ရာထူးက အထုတ်ခံရပြီဖြစ်တဲ့ ဆိုးလ်ရှားဟာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ သူ့ဘဝတစ်လျှောက် တိုက်ဆိုင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုနဲ့ ချိန်ဆပြီး လာမယ့်ရာသီမှာ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလား သေချာပေါက် ရမယ် ပြောကြားသွားခဲ့ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးရဲ့ အဆုံးသတ်မှာ ဆိုးလ်ရှားက စကားပြောနေရင်း မျက်ရည်ကျမလိုဖြစ်လာခဲ့တာကြောင့် အင်တာဗျူးကို အမြန်ဆုံး အဆုံးသတ်ဖို့လည်း တောင်းဆိုခဲ့သေးတာပါ။

အဲ့ဒီအင်တာဗျူးမှာပဲ ဆိုးလ်ရှားက “ကျနော် ရှေ့က အင်တာဗျူးတွေမှာ ပြောခဲ့ဖူးသလိုပါပဲ။ ကျနော့်ကို ထောက်ခံပေးခဲ့ကြတယ်ဆိုတာပါ။ ဘုတ်အဖွဲ့နဲ့ အသင်းပိုင်ရှင်တွေက လူကောင်းတွေ၊ ကစားသမားကောင်းတွေ ခေါ်ပေးပြီး ကျနော့်ကို ထောက်ခံပေးခဲ့ပါတယ်”

“ကျနော် ဒီအသင်းက ထွက်သွားတဲ့အချိန်မှာ ပိုကောင်းတဲ့လူစာရင်းကို ချန်ထားခဲ့နိုင်မယ်ဆိုတာ ကြိုသိခဲ့ပါတယ်။ ပတ်ဝန်းကျင်က အရမ်းကောင်းပြီး ဒီလိုနေရာမျိုးက ထွက်သွားရတာကလည်း ဂုဏ်ယူစရာပါ။ ဘာလို့လဲဆိုတော့ ဒီနေရာကို ရောက်လာရင် အလုပ်လုပ်ရတာ ပျော်စရာကောင်းလို့ပါပဲ”

“ကျနော် ဘာမှကြိုပြီး မပြောချင်ခဲ့ပေမယ့် မိုလ်ဒီကနေ ကျနော် (၂) ခါ ထွက်သွားတုန်းကလည်း ကျနော် ထွက်သွားပြီး နောက်နှစ်မှာတင် သူတို့ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပါတယ်”

“ဒီတော့ အခု ယူနိုက်တက်မှာ ဘယ်သူပဲ တာဝန်ယူသည်ဖြစ်စေ၊ အကောင်းဆုံးဖြစ်ဖို့ ကျနော်မျှော်လင့်ပြီး ကျနော်ပြောတဲ့အချက်ကတော့ မျှော်လင့်စရာပေါ့” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။