စတိဗ်ဘရုစ်ကို ခန့်လိုက်ပါလားဆိုပြီး ယူနိုက်တက်ကို ချောက်ထဲအရောက်ပို့နေတဲ့ အာဆင်နယ်ဂန္တဝင်

အာဆင်နယ်ဂန္တဝင်နောက်ခံလူဟောင်း ဆိုးကမ်းဘဲလ်က ယူနိုက်တက်အနေနဲ့ လစ်လပ်နေတဲ့ နည်းပြ ရာထူးအတွက် နယူးကာဆယ်ကနေ အထုတ်ခံထားရတဲ့ စတိဗ်ဘရုစ်ကို ခန့်အပ်သင့်တယ်လို့ သွယ်ဝိုက် ပြောကြားလာပါတယ်။

မနေ့ကဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ပြီးနောက် ကာရစ်က ယာယီနည်းပြအဖြစ် တာဝန်ယူထားပြီး ရာသီကုန်အထိ နောက်ထပ် ယာယီနည်းပြတစ်ယောက်ကို ခန့်အပ်မှာဖြစ်သလို အဲ့ဒီနောက်မှာလည်း အမြဲတမ်းနည်းပြတစ်ယောက် ထပ်မံခန့်အပ်ဦးမှာပါ။

ဒီလိုအချိန်မျိုးမှာ ဆိုးလ်ကမ်းဘဲလ်ကတော့ အခုလိုပဲ အံ့အားသင့်ဖွယ် ပြောကြားလာခဲ့တာပါ။ ဆိုးလ်ကမ်းဘဲလ်က “ကျနော်ထင်ပါတယ်။ ဒီအချိန်က ယူနိုက်တက်အတွက် တော်တော်လှုပ်ရှားရခက်တဲ့ အချိန်ပါ”

“တကယ်လို့ သူတို့ လှုပ်ရှားလိုက်ရင်တောင် ငွေအများကြီး သုံးရပါလိမ့်မယ်။ ဆိုးလ်ရှားကို ထုတ်ပြီး နည်းပြသစ်ခန့်ဖို့ ငွေအများကြီး လိုအပ်မှာပါ။ သူတို့ ပိုက်ဆံအများကြီးသုံးထားပြီးပြီဆိုတာ ကျနော်သိပါတယ်”

“ဒါပေမယ့် သူတို့ အနေအထားကို သူတို့ပြန်ကြည့်လိုက်ရင် ဘယ်ရောက်နေလဲဆိုတာကို သိရမှာပါ။ လက်ကျန် (၆) လအတွက် စတိဗ်ဘရုစ်က သင့်တော်ကောင်း သင့်တော်မလား? ကျနော်မသိပါဘူး။ ဘယ်သူကရော သိနိုင်မှာလဲ”

“ဒါပေမယ့် ဒီအချိန်ကတော့ လှုပ်ရှားရင်ပဲဖြစ်ဖြစ်၊ မလှုပ်ရှားရင်ပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် သူတို့ မှားသွားနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ စတိဗ်ဘရုစ်ဟာ နယူးကာဆယ် နည်းပြ ရာထူးက ထုတ်ပယ်ခံရပြီးနောက်ပိုင်း ဘောလုံးလောကကို စွန့်ခွာတော့မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။