ယူနိုက်တက် အနေနဲ့ ဆေးရုံသွားပြီး ခေါင်းကို ဆေးကြော သင့်တယ်လို့ သတိပေးလိုက်တဲ့ ဇလာတန်

အီဘရာဟီမိုဗစ် မန်ချက်စတာယူနိုက်တက် အသင်းရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ အတိတ်ကို စွဲလမ်းနေတဲ့ ကလပ်ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် အသင်းအနေနဲ့ ပစ္စုပ္ပန်အကြောင်းကိုပဲ စဉ်းစားရမှာဖြစ်ပြီး ဒါမှမဟုတ်ရင်တော့ ဆေးရုံသွားပြပြီး ခေါင်းကို ဆေးကြောသန့်စင်သင့်တယ်လို့ ပြောလိုက်ပါတယ်။

အသက်(၄၀)အရွယ်ရှိ အီဘရာဟီမိုဗစ် ဟာ ဒီရာသီမှာ အေစီမီလန် အသင်းအတွက် (၅)ဂိုးသွင်းယူထားသလို ဆွီဒင်လက်ရွေးစင် အတွက်လည်း ပါဝင်ကစားခွင့်ရနေတာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ကစားခဲ့တဲ့ ဒုတိယရာသီမှာ ပွဲအနည်းငယ်သာ ကစားခဲ့ပြီးနောက် (၂၀၁၈) မတ်လမှာ အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။သူဟာ အယ်လ်အေဂလက်ဇီ အသင်းနဲ့ မေဂျာလိဂ်မှာ ခြေစွမ်းပြနိုင်ပြီး ဥရောပကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ဆွီဒင် တိုက်စစ်မှူးဟာ အေစီမီလန် ကို ပြန်လည်ရောက်ရှိလာတဲ့ အချိန်မှာလည်း ထိပ်တန်းစွမ်းဆောင်ရည်တွေကို ဆက်လက်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက် အသင်းရဲ့လက်ရှိပြသနာ နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အီဘရာဟီမိုဗစ် က “အတိတ်က အကြောင်းတွေအများကြီး ပြောကြပါတယ်”

“ကျွန်တော် အဲ့ဒီကို ရောက်တဲ့ အချိန်မှာ ကျွန်တော်က အခုလက်ရှိကိုပဲ အာရုံစိုက်ပြီး ကိုယ့်ဇာတ်လမ်းကိုယ်ဖန်တီးဖို့ ဒီကို ရောက်လာတာလို့ ပြောခဲ့ပါတယ်။ဒါပေမယ့် အရမ်းများလာတဲ့အခါကျရင်တော့ ကြိုးတချောင်းလိုဖြစ်သွားပါတယ်”

“ခင်ဗျားအနေနဲ့ ပစ္စပ္ပုန်အကြောင်းကိုပဲ စဉ်းစားရပါမယ် ဒါမှမဟုတ်ရင်တော့ ဆေးရုံကိုသွားပြပြီး ခေါင်းကို ဆေးကြောသန့်စင်သင့်ပါတယ်။ဒီမှာ အတွေ့အကြုံကောင်းတွေရခဲ့ပါတယ်။ယူနိုက်တက် ဂာ အံမခန်းဖွယ်ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ရယူနိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အီဘရာဟီမိုဗစ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ကာလတို ကစားခဲ့ပေမယ့် (၂၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။