ငါ ဒီကောင့်ကို တမင်ပညာပေးလိုက်တာကွလို့ အက်ဇ်ပီလီကွီတာနဲ့ကိစ္စကို မိုဗစ်ဝန်ခံ

ဆွီဒင်နဲ့အေစီမီလန် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ စပိန် နောက်ခံလူ အက်ဇ်ပီလီကွီတာကို တံတောင်နဲ့ ခပ်ပြင်းပြင်းတိုက်ခဲ့တဲ့ကိစ္စက တမင်လုပ်တာလို့ ဝန်ခံလာပါတယ်။

စပိန်က ဆွီဒင်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ထောင့်ကန်ဘောအတွက် နှစ်ဖက်ကစားသမားတွေ ဧရိယာထဲ နေရာယူနေချိန် အီဘရာဟီမိုဗစ်က အက်ဇ်ပီလီကွီတာကို ဘောလုံးမရှိသေးဘဲ တံတောင်နဲ့ သိသိသာသာ တိုက်ချခဲ့တာပါ။

ဒီဖြစ်ရပ်ကြောင့် အက်ဇ်ပီလီကွီတာ တစ်ယောက် ပစ်လဲခဲ့ရပြီး အီဘရာဟီမိုဗစ်ကတော့ သူမလုပ်သလိုနဲ့ မသိချင်ယောင်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဒီဖြစ်ရပ်အတွက် အီဘရာဟီမိုဗစ်ကို အဝါကတ်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ အီဘရာဟီမိုဗစ်က “ကျနော် အက်ဇ်ပီလီကွီတာကို တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာပါ။ ဒါကို ပြောဖို့ရှက်နေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ကျနော့်ကစားသမားကို ဒုက္ခပေးခဲ့တယ်လေ”

“ကျနော့်လုပ်ရပ်က ရူးမိုက်တာ မှန်ပေမယ့် သူ့လုပ်ရပ်ကိုလည်း နားလည်သွားအောင် ကျနော် ပြန်လုပ်ခဲ့တာပဲ။ သူ ဘာတတ်နိုင်မှာလဲဗျ။ သူက ကျနော့်ကိုတော့ လာမပြောဘူး။ ဘာမှမလုပ်ထားတဲ့ ကျနော့်ကစားသမားကို သွားပြောနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ကစားသမားက သူ့ကို အရမ်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံလို့လေ”

“ကျနော်ကတော့ လုပ်မှာပဲ။ ဒါက ကျနော့်ရဲ့ ကိုယ်ပိုင်ပုံစံပဲ။ ဒါကို ဝန်ခံဖို့လည်း မရှက်ပါဘူး” လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် စပိန်က အုပ်စုပထမနဲ့ ကာတာကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ဆွီဒင်ကတော့ Play-off ကစားရဦးမှာဖြစ်ပါတယ်။