ချဲလ်ဆီးနဲ့မကန်ခင် ဆိုးလ်ရှားပြုတ်သွားလို့ ဝမ်းနည်းပူဆွေးတမ်းတနေရတဲ့ မိုက်ကယ်ဘောလက်

ချဲလ်ဆီး ကစားသမားဟောင်း မိုက်ကယ်ဘောလက်က ယူနိုက်တက်က ထွက်ခွာသွားတဲ့ ဆိုးလ်ရှားနဲ့ ပတ်သက်လို့ လှောင်ပြောင်ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ မန်စီးတီး၊ လီဗာပူးတို့နဲ့ ဆက်တိုက်တွေ့ဆုံခဲ့တဲ့ အိမ်ကွင်းပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့အပြင် နောက်ဆုံး ပရီးမီးယားလိဂ် (၇) ပွဲမှာ (၁) ပွဲသာနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဝက်ဖို့ဒ်ကို ၄-၁ ဂိုးနဲ့ ရှုံးတဲ့အဝေးကွင်းပွဲအပြီးမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီအပေါ်မှာတော့ မိုက်ကယ်ဘောလက်က “လီဗာပူးနဲ့ မန်စီးတီးတို့ကတော့ အပျော်ဆုံးဖြစ်မှာပေါ့။ ဘာလို့လဲဆိုတော့ ဆိုးလ်ရှားက သူမထွက်ခင် အဲ့ဒီနှစ်သင်းကို (၃) မှတ်စီ ပေးသွားလို့လေ။ သူတို့နှစ်သင်းက ဆိုးလ်ရှားကို သိပ်ချစ်မှာပဲဗျာ”

“လာမယ့် တနင်္ဂနွေမှာလည်း ဆိုးလ်ရှားက ကျနော်တို့ ချဲလ်ဆီးအတွက် (၃) မှတ် အလှူဒါနပြုလုပ်ဖို့ စောင့်မျှော်နေခဲ့တာပါ။ ဒါပေမယ့် အခုတော့ ဆိုးလ်ရှားက ထွက်သွားပါပြီ။ အဲ့ဒီတော့ ကျနော်တို့အတွက် ပိုပြီး ခက်ခဲလာဖို့ပဲရှိတော့တာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်နိုဝင်ဘာ (၂၈) မှာ ချဲလ်ဆီးကို အဝေးကွင်းပွဲအဖြစ် လာရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက် ဒီဇင်ဘာ (၃) မှာ နောက်ထပ်လန်ဒန်အသင်းဖြစ်တဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။

ယူနိုက်တက်အနေနဲ့ လက်ရှိအချိန်မှာ ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး ပိုချက်တီနိုနဲ့ ဆွေးနွေးနေပါတယ်။ တကယ်လို့သာ ဆွေးနွေးမှုတွေ ချက်ချင်းအဆင်မပြေခဲ့ရင်တော့ ကာရစ်ကသာ ဒီပွဲကျပ်တွေအားလုံးကို ဆက်လက်ကိုင်တွယ်သွားမှာပါ။