ကမ္ဘာကျော်နည်းပြဆိုပေမယ့် (၁၈) နှစ်သားအပေါ် ပေးထားတဲ့ကတိကို မသိချင်ယောင်မဆောင်တဲ့ မော်ရင်ဟို

ရိုးမားနည်းပြ မော်ရင်ဟို သူ့အသင်းက အသက် (၁၈) နှစ်အရွယ် လူငယ်ကစားသမားလေး အဖီနာဂျန်အတွက် ကတိပေးထားတဲ့အတိုင်း ယူရို (၈၀၀) တန်ဖိနပ်ကို ဝယ်ပေးခဲ့ပါတယ်။

အဖီနာဂျန်ဟာ ဂျီနိုအာကို နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲကစားချိန် (၇၄) မိနစ်မှ လူစားဝင်လာပြီး အသင်းအတွက် အနိုင်ဂိုး (၂) ဂိုးလုံးကို သွင်းယူပေးခဲ့တာပါ။

ဂိုးသွင်းယူပြီးတဲ့နောက် အဖီနာဂျန်က မော်ရင်ဟိုနဲ့ ကွင်းဘေးစည်းမှာ ပွေ့ဖက်ကာ ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံခဲ့ကြပါတယ်။ ပွဲအပြီးမှာလည်း မော်ရင်ဟိုက “ကျနော် ဖီးလစ် (အဖီနာဂျန်) တကယ်ကြိုက်တဲ့ ဖိနပ်ကို ကျနော် ဝယ်ပေးမယ် ကတိပေးထားတယ်ဗျ။ အဲ့ဒါက တကယ်စျေးကြီးတဲ့ဖိနပ်”

“ယူရို (၈၀၀) လောက်ကုန်မှာ။ အဲ့ဒါကြောင့်လည်း သူ ကျနော့်ဆီ ပြေးလာပြီး ကျနော်ပေးထားတဲ့ကတိကို မမေ့ဖို့ ပြောတာ။ မနက်ဖြန် မနက်ကျရင်တော့ ကျနော် အရင်ဆုံး သူ့အတွက် ဖိနပ်သွားဝယ်ပေးရမှာ” လို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ သူပြောခဲ့တဲ့စကားအတိုင်းပဲ အဖီနာဂျန်လိုချင်နေတဲ့ ယူရို (၈၀၀) တန်ဖိနပ်ကို ဝယ်ပေးခဲ့ပြီး အဖီနာဂျန်ကို ဖိနပ်နဲ့ အဆင်ပြေ၊ မပြေ တခါတည်း စီးခိုင်းကြည့်ခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ လုပ်ရပ်ကတော့ ပရိသတ်တွေအတွက် ကြည်နူးစရာဖြစ်ခဲ့ပြီး အဖီနာဂျန်ကလည်း အသင်းအတွက် အဓိကအားကိုးရတဲ့ ကစားသမားဖြစ်လာတော့မလား စောင့်ကြည့်ရတော့မှာပါ။