ရော်နယ်ဒိုပြန်ရောက်လာလို့ ဆိုးလ်ရှား ဒီလိုဘဝကိုရောက်သွားရတာဆိုတဲ့ ပေါလ်မာဆင်

ဘောလုံးဝေဖန်သုံးသပ်ရေးသမားတစ်ယောက်ဖြစ်တဲ့ ပေါလ်မာဆင်က ရော်နယ်ဒို ရုတ်တရက်ပြန်ရောက်လာတာက ဆိုးလ်ရှားရဲ့ ရာသီကြိုအစီအစဥ်တွေ အားလုံးကို ဖျက်စီးလိုက်တယ်လို့ ပြောကြားလာပါတယ်။

အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒို နွေရာသီ အပြောင်းအရွှေ့ပြီးခါနီးမှာ ရုတ်တရက် အသင်းကို ပြန်ရောက်လာတာကြောင့် ပရိသတ်တွေအကုန်လုံး ဝမ်းသာအားရဖြစ်ခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ ကစားကွက်နဲ့ ကိုက်ညီမှုမရှိနိုင်ဘူးလို့ ထောက်ပြမှုတွေ အစောတည်းကရှိခဲ့တာပါ။

လက်ရှိအချိန်မှာလည်း ပေါလ်မာဆင်က “ကျနော် ဆိုးလ်ရှားအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ရာသီအစတည်းက ဆိုးလ်ရှားဆီမှာ အစီအစဥ်တွေရှိပြီးသားပါ။ ပြီးခဲ့တဲ့ရာသီမှာလည်း သူတို့ အမှတ်ပေးဇယားမှာ အဆင့် (၂) နဲ့ ရာသီသိမ်းခဲ့တာပဲလေ”

“သူ ဆန်ချိုကို ကာလရှည်လိုချင်ခဲ့ပြီး ရလည်းရခဲ့တယ်၊ ကာဗာနီကိုလည်း နောက်တစ်နှစ် ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ဆီ ရော်နယ်ဒို ရောက်လာခဲ့ပါတယ်။ အဲ့ဒီမှာ သူစီစဥ်ထားသမျှ အကုန်လွှင့်ပစ်ရတော့တာပဲ”

“ရော်နယ်ဒို စရောက်လာတည်းက ယူနိုက်တက်က ရော်နယ်ဒိုနဲ့အတူ ပိုကောင်းတဲ့ အသင်းတစ်သင်းလည်း မဖြစ်ခဲ့ပါဘူး။ အဝေးကွင်းမှာ အရင်ကလို (၂၉) ပွဲဆက် ရှုံးပွဲမရှိစံချိန်လည်း မရတော့ဘူး။ ဆန်ချိုကိုလည်း သုံးလို့ အဆင်မပြေတော့ပါဘူး”

“ကစားနေကျ တန်ပြန်တိုက်စစ်လည်း ကစားရ အဆင်မပြေတော့ဘူး။ ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့ အကောင်းဆုံးကစားသမားလေ။ အခု သူလည် ဒီရာသီမှာ ခက်ခဲနေပြီ။ ယူနိုက်တက်က ရော်နယ်ဒိုကို လိုချင်တယ်ဆိုတာ မန်စီးတီး ရောက်သွားမှာစိုးလို့လေ”

“ဂျူဗင်တပ်စ်ဆီသွားပြီး ရော်နယ်ဒိုကိုရနိုင်မလား မေးခဲ့တာမှမဟုတ်တာ။ ဘာလို့လဲဆိုတော့ ရော်နယ်ဒိုက ယူနိုက်တက်နဲ့ရော၊ ပရီးမီးယားလိဂ်နဲ့ရော အဆက်အစပ်မရှိတော့တာကြာပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။