ဗီလာရီးရယ်လ်နဲ့ ပွဲက နိုင်ပွဲဟာ ဆိုးလ်ရှား အတွက်လို့ ပြောလိုက်တဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ယာယီနည်းပြဖြစ်သူ ကာရစ်က ဗီလာရီးရယ်လ် အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲဟာ နည်းပြဟောင်း ဆိုးလ်ရှား အတွက် ရည်ညွှန်းတယ်လို့ ပြောလိုက်ပါတယ်။ဒါ့အပြင် နိုင်ပွဲရအောင် ကစားနိုင်ခဲ့တဲ့ ကစားသမားတွေကိုလည်း ချီးကျုးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကာရစ်လက်ထက် ပထမဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ဗီလာရီးရယ်လ် အသင်းကို ရော်နယ်ဒို၊ဆန်ချို တို့ရဲ့ဂိုးကြောင့် (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ကာရစ်က “ကစားသမားတွေကို ကျွန်တော်ပြောခဲ့တာက ကလပ်မှာရှိတဲ့ လူတိုင်းအတွက် လွယ်ကူတဲ့ ရက်တွေမဟုတ်ဘူးဆိုတာပါပဲ”

“ဒီရလဒ်အတွက် အရမ်းပျော်ပေမယ့် ဒီရလဒ်ဟာ အိုလီ အတွက်ပဲလို့ ခံစားရပါတယ်။ဒါဟာ ကျွန်တော့်အတွက်တော့ အရေးကြီးတဲ့ ရလဒ်မဟုတ်ပေမယ့် ကလပ်နဲ့ အသင်းအတွက်တော့ အလွန်အရေးကြီးတဲ့ အရာပါပဲ။ကစားသမားတွေ အတွက် အရေးကြီးတဲ့ရလဒ်ပါ”

“ဒီညက ကျွန်တော့်ညလည်းမဟုတ်ပါဘူး။အသင်းကို စီမံခန့်ခွဲဖို့ တာဝန်ရှိတဲ့ အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။ကျွန်တော်တို့ အုပ်စုကနေ နောက်တဆင့်တက်နိုင်ခဲ့ပါပြီ။ဒီကို လာတဲ့ အချိန်မှာ မှန်ကန်တဲ့ ရလဒ်ကို ရခဲ့ပြီး ဒါကို လုပ်နိုင်ခဲ့တဲ့ အတွက် ကျွန်တော်ဝမ်းသာပါတယ်”လို့ ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်းပွဲစဉ်(၅)ပွဲကစားပြီးချိန်မှာ ရမှတ်(၁၀)မှတ်နဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်ဖို့ သေချာခဲ့တာပါ။အုပ်စုနောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာ(၈)ရက်မှာ ယန်းဘွိုင်းစ် အသင်းကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီး အသင်းနဲ့ စတမ်းဖို့ဘရစ်ခ်ျမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။