အသင်းက အထည်ကြီးပျက်နေတာကို ဘိုင်ယန်နဲ့ပွဲအနိုင်ကန်ပြီး နောက်တဆင့်တက်မယ်လုပ်နေတဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက ချန်ပီယံလိဂ်မှာ နောက်တဆင့် တက်ရေး အဆုံးအဖြတ်ဖြစ်လာမယ့် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ အနိုင်ကစားသွားမယ်လို့ဆိုလာပြန်ပါတယ်။

မနေ့က ကစားခဲ့တဲ့ ဘင်ဖီကာနဲ့ပွဲမှာ ဘာစီလိုနာတို့ အနိုင်မကစားနိုင်ခဲ့ဘဲ ဂိုးမရှိသရေကျခဲ့တာကြောင့် အုပ်စု နောက်ဆုံးပွဲအထိ ရုန်းကန်ရတော့မှာပါ။

ဘာစီလိုနာအနေနဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို အဝေးကွင်း သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဘင်ဖီကာကတော့ ဒိုင်နမိုကိဗ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲမှာ ဘာစီလိုနာတို့ ဘင်ဖီကာသာ အနိုင်ရရှိခဲ့ရင် သရေတောင်ကျလို့မရဘဲ ဘိုင်ယန်မြူးနစ်ကို မဖြစ်မနေ အနိုင်ကစားရပါလိမ့်မယ်။ အဲ့ဒီအတွက် ဇာဗီက “အသင်းက လက်ရှိလမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် ကျနော် အကောင်းမြင်နိုင်ပါတယ်”

“အခု ဒီပွဲလိုသာ ကစားရင် ကျနော်တို့ ဘယ်အသင်းကိုမဆို ယှဥ်ကစားနိုင်ပါတယ်။ အခု ဘင်ဖီကာနဲ့ပွဲအတိုင်း ကစား၊ ဘိုင်ယန်မြူးနစ်ကို ကျနော်တို့ နိုင်ပါတယ်။ အကောင်းဘက်ကကြည့်ရင်တော့ ကျနော်တို့ အခုထိ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရတုန်းပါ” လို့ ပြောကြားခဲ့ပါတယ်။

ဇာဗီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက ကစားခဲ့တဲ့ အက်စ်ပန်ညိုနဲ့ပွဲမှာ ဘာစီလိုနာနည်းပြ ဘဝ ပထမဆုံးပွဲကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး အဲ့ဒီပွဲမှာ ဒီပိုင်းရဲ့တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

နည်းပြဘဝ ချန်ပီယံလိဂ် ပထမဆုံးပွဲမှာတော့ ဇာဗီတယောက် နိုင်ပွဲပျောက်ခဲ့ပြီး သူပြောသလိုပဲ အုပ်စုနောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူပြီး နောက်တဆင့် တက်နိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။