မက်ဆီ ဘာလုပ်မလဲသိချင်နေရင် ခင်ဗျားရူးသွားမယ်၊ သူကိုယ်တိုင်တောင် သိတာမဟုတ်ဘူးဆိုတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီညကစားမယ့် မန်စီးတီးနဲ့ပီအက်စ်ဂျီပွဲမတိုင် ပြိုင်ဘက် အသင်းက သူ့တပည့်ဟောင်း မက်ဆီကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် (၅) အဖြစ် မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ ဒီည မန်စီးတီးအိမ်ကွင်းမှာ ကစားကြမှာဖြစ်ပြီး အုပ်စုဗိုလ်နေရာအတွက် အရေးပါတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။

ပထမအကျော့ ပီအက်စ်ဂျီအိမ်ကွင်းမှာ တွေ့ဆုံခဲ့တုန်းက ပီအက်စ်ဂျီက ဂွေယီ၊ မက်ဆီတို့ရဲ့ ဂိုးတွေနဲ့အတူ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲ့ဒီပွဲအပြီးမှာလည်း ဂွါဒီယိုလာက သူ့အသင်းအနေနဲ့ မက်ဆီကို ထိန်းနိုင်မှာမဟုတ်ဘူးဆိုတာ ကြိုသိခဲ့တယ်လို့ ဂွါဒီယိုလာက ဝန်ခံခဲ့ဖူးတာပါ။

လက်ရှိကစားမယ့် ဒုတိယအကျော့ပွဲမတိုင်ခင်မှာလည်း ဂွါဒီယိုလာက “မက်ဆီကို ထိန်းဖို့ဆိုတာ အရမ်းခက်ပါတယ်။ တခါတလေ သူ့ဆီ ဘောလုံးရောက်နေချိန်မှာ ခင်ဗျား ဘာလုပ်လို့လုပ်ရမှန်းတောင် သိမှာမဟုတ်ပါဘူး”

“သူကိုယ်တိုင်လည်း မသိဘူးဗျာ။ သူ အခုချိန်ထိ ကစားနေတာကို မြင်ရတာ၊ သူ့ရဲ့ အရည်အချင်းနဲ့ ရောက်နေတဲ့ အဆင့်အတန်းတခုကို မြင်ရတာ ကျနော် အရမ်းပျော်ရွှင်မိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂွါဒီယိုလာနဲ့မက်ဆီတို့ဟာ ဘာစီလိုနာရဲ့ တီကီတီကာခေတ်တခုမှာ အောင်မြင်မှုတွေ အတူတကွ ဆွတ်ခူးခဲ့ကြပြီး မက်ဆီရဲ့ ကွင်းဘေးက လက်ဦးဆရာက ဂွါဒီယိုလာလို့လည်း ပရိသတ်တွေက ယုံကြည်လက်ခံထားပါတယ်။