မက်ဆီ ဟာ ခရီးသည်ဖြစ်ပြီး PSG ဟာ သူနဲ့ ချန်ပီယံလိဂ်ရမှာမဟုတ်ဘူးဆိုတဲ့ ကာရေဂါ

ကာရေဂါ ကတော့ ပီအက်စ်ဂျီ အသင်းဟာ မက်‌ဆီ၊နေမာနဲ့ ဘတ်ပီ တို့လို ခရီးသည်(၃)ဦးကို သယ်ဆောင်လာတာကြောင့် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မှာမဟုတ်ဘူးဆိုတာ ယုံကြည်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီး အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် အုပ်စုဒုတိယသာရရှိတော့မှာဖြစ်ပါတယ်။ဘတ်ပီ က အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး စတာလင်နဲ့ ဂျီးဆပ်စ် တို့က မန်စီးတီး အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။

ဒီပွဲမှာ မန်စီးတီး အသင်းဟာ ပီအက်စ်ဂျီ အသင်းကို အသာစီးကစားနိုင်ခဲ့တာဖြစ်ပြီး မက်ဆီနဲ့ နေမာ တို့ကတော့ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ကာရေဂါ ကတော့ ပီအက်စ်ဂျီ အသင်းဟာ ရှေ့တန်းကစားသမား (၃)ဦးရဲ့ညံဖျင်းတဲ့ စွမ်းဆောင်ရည်ကြောင့် နောက်ပြန်ဆုတ်နေတယ်လို့ ပြောလိုက်ပါတယ်။

ကာရေဂါ က “အသင်းတွေက ဘယ်သူကိုအဆို သယ်ဆောင်သွားလို့ ရတယ်ဆိုတာ ကျွန်တော်မယုံပါဘူး။မန်စီးတီး၊လီဗာပူးလ်၊ချယ်လ်ဆီး ဒါမှမဟုတ် ဘိုင်ယန်မြူးနစ် တို့ဟာ ချန်ပီယံလိဂ်ဖလားရဖို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အသင်း(၄)သင်းလို့ သတ်မှတ်လိုက်တယ်ဆိုပါတော့”

“သူတို့တွေဟာ ခရီးသည်တဦးကိုမှ မသယ်ဆောင်ပါဘူး။ပီအက်စ်ဂျီ ကတော့ သူတို့(၃)ဦးကို သယ်ဆောင်ထားပါတယ်။အဲ့ဒါကြောင့် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ လုံးဝအခွင့်အရေးမရှိပါဘူး။ဘတ်ပီက အခြားသူတွေထက်ကို ပိုပါတယ် ဒါကို ကြည့်ပြီး ကျွန်တော် စိတ်ပျက်သွားပါတယ်”

“မက်ဆီကလည်း သူ့ကိုယ်သူ မသယ်ဆောင်နိုင်သေးပါဘူး။ဘာစီလိုနာ အသင်း ချန်ပီယံလိဂ်ဖလားကို မဆွတ်ခူးတာ အချိန်အကြာကြီးရှိပြီဆိုတာ မမေ့ပါနဲ့။ဘတ်ပီ အနေနဲ့လည်း လမ်းမလျှောက်ဘဲ အသင်းဖော်တွေကို ပြန်အကူအညီပေးသင့်ပါတယ်”

“ဒါကို ကျွန်တော်လက်မခံပါဘူး။သူတို့ဘယ်လောက်ကောင်းလဲဆိုတာကို ဂရုမစိုက်ပါဘူး။သူတို့ အသင်းအတွက် အလုပ်မလုပ်ကြပါဘူး။ခရီးသည်တွေကို သယ်ဆောင်လာရတဲ့ နေ့ရက်တွေက ကြာရှည်လှပါပြီ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။