အေစီမီလန် ကို ချန်ပီယံလိဂ်အိမ်မက် ဆက်မက်စေခဲ့တဲ့ မက်ဆီးယတ်စ် ရဲ့အံဩဖွယ်ဇာတ်လမ်း

အေစီမီလန် အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသလက်တီကို အသင်းကို လူစားဝင်ကစားသမား မတ်ဆီးယတ်စ် ရဲ့တလုံးတည်းသောသွင်းဂိုးကြောင့် (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အေစီမီလန် အသင်းဟာ အုပ်စု‌‌တွင်း (၄)ပွဲကစားပြီးချိန်မှာ ရမှတ်(၁)မှတ်သာ ရရှိထားပြီး နောက်တဆင့်တက်နိုင်မယ့် မျှော်လင့်ချက်တွေကင်းမဲ့နေတာဖြစ်ပါတယ်။ဒါပေမယ့် မက်ဆီးယတ်စ် က မျှော်လင့်ချက်တွေကို အသက်သွင်းခဲ့ပြီး အေစီမီလန် အသင်း (၁၆)သင်းအဆင့် တက်ဖို့ မျှော်လင့်လို့ရပြီဖြစ်ပါတယ်။

အေစီမီလန် အသင်းဟာ ဒီပွဲအနိုင်ကြောင့် ရမှတ်(၄)မှတ်ရရှိသွားခဲ့ပြီး ဒီအုပ်စုထဲမှာ လီဗာပူးလ် က (၁၅)မှတ်၊ပေါ်တိုက (၅)မှတ်၊အသလက်တီကို က (၄)မှတ်ရရှိထားတာပါ။အဲ့ဒါကြောင့် နောက်ဆုံးပွဲစဉ်(၁)ပွဲကစားဖို့ ကျန်ရှိနေတဲ့ အတွက် လက်ကျန်(၁)နေရာကို ပေါ်တို၊အေစီနဲ့ အသလက်တီကို တို့ အပြိုင်လုရတော့မှာဖြစ်ပါတယ်။

မတ်ဆီးယတ်စ် ကတော့ ဒီပွဲစဉ်ရဲ့ပွဲချိန်(၆၅)မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး (၈၇)မိနစ်မှာ အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ဝာာဖြစ်ပါတယ်။အသက်(၃၀)အရွယ်ရှိ မက်ဆီးယတ်စ် ဟာ ခရိုတုန်းကနေ အေစီမီလန် မှာ အငှားလာရောက်ကစားနေတာဖြစ်ပြီး အသင်းအတွက် (၃)ပွဲပါဝင်ကစားပေးထားပါတယ်။

မက်ဆီးယတ်စ် ဟာ အေစီမီလန် ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန် ရဲ့သူရဲကောင်းဖြစ်ခဲ့တဲ့ မက်ဆီးယတ်စ် ဟာ လွန်ခဲ့တဲ့ (၃)နှစ်က အီတလီ စတုတ္တတန်းမှာ ကစားနေခဲ့တာဖြစ်ပါတယ်။

သူဟာ အပျော်တမ်းကစားနေရင်းနဲ့ ရေခဲသေတ္တာနဲ့ အခြားအိမ်သုံး ပစ္စည်းတွေကို ပို့ဆောင်ပေးခဲ့တဲ့ အလုပ်ကို လုပ်ဆောင်ခဲ့ပါတယ်။အခုအချိန်မှာတော့ သူဟာ အေစီမီလန် အတွက် ချန်ပီယံလိဂ်မှာ အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့သူဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် အေစီမီလန် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တဆင့်တက်ဖို့ ဆိုရင် လီဗာပူးလ် ကို အနိုင်ကစားရမှာဖြစ်ပြီး ပေါ်တိုနဲ့ အသလက်တီကို တို့ပွဲရဲ့ရလဒ်ကိုလည်း‌ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။