ကွင်းထဲမှာ ဘောလုံးလိုက်မလုဘဲ ဖရီးရိုက်နေလို့ ဝိုင်းထုခံနေရတဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေ

မနေ့ညက မန်စီးတီးကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီတိုက်စစ်ကစားသမားသုံးယောက်ဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ကို ဝေဖန်ပြစ်တင်မှုတွေရှိနေပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းအပြီးမှာတင် မှတ်တမ်းဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး မန်စီးတီးက တိုက်စစ်ဆင်ဖို့ ကြိုးစားနေချိန်မှာ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်လုံး ကွင်းလယ်စက်ဝိုင်းနားမှာ လမ်းလျှောက်နေခဲ့တာပါ။

အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့တဲ့ မန်စီးတီးဟာ ပထမအကျော့ အဝေးကွင်းပွဲကလိုပဲ အသာစီးကစားခဲ့ပြီး အဲ့ဒီပွဲကလို အမှားအယွင်းမရှိအောင်၊ မရှုံးနိမ့်အောင် ဂရုစိုက်ခဲ့ကာ ပီအက်စ်ဂျီကို တရစပ် ထိုးစစ်ဆင်ခဲ့ပါတယ်။

ပီအက်စ်ဂျီ ဂိုးသမား နာဗက်စ်နဲ့ နောက်တန်းတို့ အမှားအယွင်းများများစားစားမရှိခဲ့တာကြောင့်သာ ဂိုးတွေတလှေကြီးမပေးခဲ့ရတာပါ။ ပီအက်စ်ဂျီ တိုက်စစ်က မန်စီးတီးဂိုးပေါက်ကို (၂) ကြိမ်သာ တည့်အောင် ခြိမ်းခြောက်နိုင်ခဲ့ပြီး ဒီအပေါ်မှာလည်း ဝေဖန်ပြစ်တင်မှုတွေရှိနေပါတယ်။

မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ ခံစစ်ကို မကူတဲ့ကိစ္စအပေါ် ကျွမ်းကျင်သူတွေကလည်း အရင်တည်းက ဝေဖန်ထားပြီး ပိုချက်တီနိုကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားမယ့်ပုံမပေါ်ပါဘူး။

ဒီကစားသမားသုံးယောက်က အသင်းမှာ နည်းပြထက်တောင် တန်ခိုးအာဏာကြီးမားတယ်လို့ဆိုနိုင်ပြီး တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းမွန်သည့်တိုင် အသင်းလိုက် ချိတ်ဆက်ကစားနိုင်မှုအပိုင်းမှာ အားနည်းချက်တွေရှိနေသေးတာကို ပရိသတ်အားလုံး မြင်တွေ့ခဲ့ရပြီးဖြစ်မှာပါ။