ရူးသွားလောက်မယ့် ကန်ချက်နဲ့ ဂိုးသွင်းပြခဲ့တဲ့ လီဗာပူးကွင်းလယ်လူ သီယာဂို

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ပေါ်တိုတို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးက သီယာဂို၊ ဆာလာတို့ရဲ့ ဂိုးတွေနဲ့အတူ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက် စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး အုပ်စု ပထမနဲ့လည်း ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ခဲ့ပြီးပါပြီ။

ဒီပွဲမှာ လီဗာပူးက အမှတ်မလိုခဲ့ဘဲ အရံကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပေမယ့် နိုင်ပွဲတပွဲကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒီပွဲမှာ သွင်းယူခဲ့တဲ့ သီယာဂိုရဲ့ ဂိုးကလည်း ပရိသတ်တွေအတွက် ပါးစပ်အဟောင်းသားဖြစ်စရာ ဂိုးတဂိုးဖြစ်ခဲ့ပါတယ်။

ပွဲကစားချိန် (၅၂) မိနစ်မှာ ပေါ်တိုနောက်တန်းက ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို သီယာဂိုက ဧရိယာအပြင်ဘက်ကနေ အပြင်းကန်သွင်းခဲ့တာဖြစ်ပြီး ဒီဘောလုံးက ဂိုးသမားရဲ့ ဘယ်ဘက်အောက်ထောင့်ထဲကို လှလှပပဝင်သွားခဲ့ပါတယ်။

သီယာဂိုရဲ့ဂိုးကို ပရိသတ်တွေက ကျေနပ်အားရနေပြီး ကွင်းလယ်မှာ ပွဲအရှိန်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်တဲ့ သီယာဂို နောက်ပိုင်းပွဲတွေမှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတာက လီဗာပူးနည်းပြ ကလော့ပ်အတွက် ကျေနပ်စရာပါ။

သီယာဂိုဟာ အာဆင်နယ်ကို (၄) ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ပွဲထွက်ကစားခဲ့ပြီး အခု ဒီပွဲမှာလည်း ပွဲထွက်ခွင့်ရရှိကာ အနိုင်ဂိုးတဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်မှာလည်း ကစားခဲ့ဖူးတဲ့ သီယာဂိုကို ပြန်ခေါ်ဖို့ သူ့အသင်းဟောင်း ဘာစီလိုနာကလည်း စိတ်ဝင်စားနေပြီး လက်ရှိခြေစွမ်းအတိုင်းဆိုရင်တော့ ကလော့ပ်တယောက် သီယာဂိုကို လက်လွှတ်ခံဖို့ မရှိတော့ပါဘူး။