ငါသာဆိုရင် မက်ဆီ၊ နေမာ၊ အမ်ဘာပေသုံးယောက်ကို ပစ်ထားခဲ့ပြီး မန်ယူကိုပဲကိုင်မယ်လို့ ကာရေဂါပြော

မနေ့က မန်စီးတီးနဲ့ပီအက်စ်ဂျီပွဲမှာ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက် ကိုယ့်အသင်း ဘောလုံးဆုံးနေချိန်မှာ လမ်းလျှောက်နေတဲ့အပေါ် ဖာဒီနန်နဲ့ကာရေဂါတို့က အသီးသီးဝေဖန်ခဲ့ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီက ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး တိုက်စစ်ပိုင်းကလည်း ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာတော့ ကာရေဂါက ယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ ပိုချက်တီနိုနေရာမှာ သူသာဆိုရင် ပဲရစ်မြို့ကို ထားခဲ့လိုက်ပြီလို့ ပြောကြားခဲ့တာပါ။

ကာရေဂါက “ပိုချက်တီနိုအနေနဲ့ အဲ့ဒီအသင်း (ပီအက်စ်ဂျီ) ကနေ ထွက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူသာ ယူနိုက်တက်ကို သွားဖို့ အခွင့်အရေးရမယ်ဆိုရင် မနက်ဖြန်ပဲ ချက်ချင်းသွားသင့်တယ်။ ကျနော်သာဆိုရင် သွားပြီဗျ”

“ဘာလို့လဲဆိုတော့ ဒီကြယ်ပွင့်သုံးယောက်ကြောင့်ပါ။ ပီအက်စ်ဂျီက မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်ကို ပြန်ဆွဲခေါ်နေရတယ်ဗျာ။ ဘယ်လိုလုပ် ချန်ပီယံလိဂ်ဖလားရမှာလဲ ဒီပုံစံနဲ့။ လုံးဝကို အခွင့်အရေးမရှိပါဘူး။ ကြည့်ရတာ စိတ်ပျက်စရာပါ”

“မက်ဆီက အသက် (၃၄) နှစ်မို့လို့ သူ့ကိုယ်သူ ပြန်ကယ်နေရပြီဆိုတော့ ထားတော့။  အမ်ဘာပေကလည်း အခြားသူတွေထက် ပိုလုပ်နိုင်ရမှာလေ။ ပီအက်စ်ဂျီလည်း မက်ဆီကို ဆွဲခေါ်နိုင်မယ် မထင်ပါဘူး။ ဘာစီလိုနာ ကာလရှည် ချန်ပီယံလိဂ်ဖလားနဲ့ ဝေးခဲ့တာကို မမေ့ကြနဲ့ဦး”

“မန်စီးတီးလို အသင်းမျိုးနဲ့ ကန်တာကို ကွင်းထဲမှာ လမ်းပတ်လျှောက်နေကြတယ်ဗျာ။ ကျနော် ဘယ်လိုမှ လက်ခံပေးလို့မရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။