မက်ဆီ အနေနဲ့ လက်ရှိခြေစွမ်းနဲ့ ပတ်သက်ပြီး မရှက်ဘူးလားလို့ ပြောလိုက်တဲ့ ဗန်ဒါဗတ်

စပါး အသင်း ကစားသမားဟောင်း ဗန်ဒါဗတ် က မက်ဆီ အနေနဲ့ မကြာသေးခင်က စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ရှက်သင့်တယ်လို့ ပြောလိုက်ပါတယ်။မက်ဆီ ဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာနဲ့ စာချုပ်ကုန်ပြီးနောက် ပီအက်စ်ဂျီ ကို အလွတ်နဲ့ အံအားသင့်ဖွယ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ ဘာစီလိုနာ ကနေ ထွက်ခွာချင်စိတ်မရှ်ိပေမယ့် အသင်းရဲ့ဘဏ္ဍာရေးပြသနာတွေ ကြောင့် စာချုပ်သက်တမ်းတိုးလို့ မရတော့တဲ့ အတွက် ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

မက်ဆီ ဟာ ပြီးခဲ့တဲ့ အပတ်ကမှ နန့်တက်စ် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပထမဆုံးလီဂူးဝမ်းသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။အာဂျင်တီးနား ကစားသမား ဟာ ပီအက်စ်ဂျီ အသင်းက မန်စီးတီး အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်တဲ့ ပွဲစဉ်မှာ သူ့ရဲ့လုပ်အားနှုန်းကို အများအပြားက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

မက်ဆီ၊နေမာနဲ့ ဘတ်ပီ တို့ ရဲ့ဒီရာသီ လုပ်အားနှုန်းနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို မေးခွန်းထုတ်ခံနေရတာလည်းဖြစ်ပါတယ်။ဗန်ဒါဗတ် ကလည်း မက်ဆီ ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။

ဗန်ဒါဗတ် က “မက်ဆီ ဟာ ကွင်းထဲမှာ လမ်းလျှောက်နေခဲ့တာဖြစ်ပြီး မင်းမရှက်ဘူးလားလို့ ကျွန်တော်တွေးနေမိတာပါ။မက်ဆီ နဲ့ ပတ်သက်ပြီး ဒေါသတွေထွက်မိလာပါပြီ။ရှက်ဖို့လည်းကောင်းပါတယ်။ဘာလို့လဲဆိုရင် ဒီလိုကစားသမားမျိုး ဘယ်တော့မှ ပြန်မမွေးနိုင်တော့လို့ပါ”

“ဒါဟာ ရော်နယ်လ်ကိုးမန်းလက်ထက်တည်းက စတင်ခဲ့တာပါ။ဒါဟာ အလုပ်လုပ်ဖို့အတွက် ငြင်းဆိုမှုတခုဖြစ်ပြီး မက်ဆီလို ကစားသမားအတွက်တော့ ဒါဟာ မသင့်တော်ပါဘူး။တကယ်လို့ သူဟာ ဂိုးမသွင်းနိုင်ရင် ဒါမှမဟုတ် ဂိုးဖန်တီးမှုမလုပ်နိုင်ရင် ဆိုးရွားတဲ့ ပွဲဖြစ်လာမှာပါ”

“မက်ဆီနဲ့ ပီအက်စ်ဂျီ ကတော့ လုံးဝကို အဆင်မပြေပါဘူး”လို့ ဆိုခဲ့ပါတယ်။မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းမှာ ဒဏ်ရာပြသနာတွေကြောင့်လည်း ရုန်းကန်နေရပြီး (၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။