ချဲလ်ဆီး၊ လီဗာပူးနဲ့ ဘိုင်ယန်နည်းပြတို့ရဲ့ ပြားပြားဝပ်လေးစားမှုကိုရရှိထားတဲ့ ယူနိုက်တက်နည်းပြသစ်

ယူနိုက်တက်ဟာ ဂျာမန် ဘောလုံးလောကရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ဆိုရမယ့် ရန်းနစ်ဂ်ကို (၆) လစာချုပ်နဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။

ရန်းနစ်ဂ်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ကာလအတန်ကြာ ကျင်လည်ခဲ့ဖူးပြီး လက်ရှိ လီဗာပူးနည်းပြ ကလော့ပ်၊ ချဲလ်ဆီးနည်းပြ တူချယ်လ်တို့ရဲ့ လေးစားမှုကိုရရှိထားတဲ့သူတဦးပါ။

လီဗာပူးနည်းပြ ကလော့ပ်ဟာ သူ့ရဲ့လက်ရှိ ကစားဟန်ကို ရန်းနစ်ဂ်ဆီကတဆင့် စီးဆင်းလာခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ် နည်းပြ နာဂျယ်လ်စမန်းကလည်း သူ့ရဲ့ လက်ထောက်အဖြစ် အတူတကွ အလုပ်လုပ်ခဲ့ဖူးတာဖြစ်ပါတယ်။

တူချယ်လ်ကိုလည်း ရန်းနစ်ဂ်က သူ့လက်အောက်မှာ အလုပ်လုပ်ဖို့ ခေါ်သွင်းခဲ့တယ်လို့ ပြောကြားခဲ့ဖူးပြီး အဲ့ဒီလိုသာ မဟုတ်ခဲ့ရင် တူချယ်လ်တယောက် ဘားတခုခုမှာ အလုပ်လုပ်နေရလိမ့်မယ်လို့ ဆိုခဲ့တာပါ။

တူချယ်လ်ဟာ ကစားသမားဘဝကို ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ရန်းနစ်ဂ်ရဲ့ခေါ်ဆောင်မှုကတဆင့် ယူ- ၁၅ အသင်း နည်းပြဖြစ်ခဲ့ပါတယ်။ (၂၀၂၁) အစောပိုင်းမှာ ချဲလ်ဆီးက ရန်းနစ်ဂ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ ယာယီနည်းပြဆိုတဲ့ရာထူးကို လက်မခံခဲ့ပါဘူး။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ယူနိုက်တက်ရဲ့ (၆) လ စာချုပ်ကို လက်ခံခဲ့တာဖြစ်ပြီး ဒီလိုလက်ခံခဲ့တာဟာ နည်းပြတာဝန်ပြီးဆုံးချိန်မှာ အသင်းရဲ့ အတိုင်ပင်ခံအဖြစ် နောက်ထပ် (၂) နှစ် ဆက်လက်လုပ်ကိုင်သွားဖို့ သဘောတူညီခဲ့တာကြောင့်လို့ သိရှိရပါတယ်။