နည်းပြသစ်ကြောင့် မန်ချက်စတာမှာ လမ်းဘေးရောက်ကိန်းရှိနေတဲ့ လုခ်ရှောနဲ့ ရော်နယ်ဒို

ယူနိုက်တက် နောက်ခံလူ လုခ်ရှောဟာ လက်ရှိ ယာယီနည်းပြဖြစ်လာတဲ့ ရန်းနစ်ဂ်ရဲ့ လက်ထက်မှာ သာမန်ထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းကို ပြသဖို့ လိုအပ်နေပြီလို့ ရန်းနစ်ဂ်ရဲ့ အင်တာဗျူးတွေက သက်သေခံထားပါတယ်။

လုခ်ရှောဟာ ပြီးခဲ့တဲ့ ယူရို- ၂၀၂၀ မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ယူနိုက်တက်ကို ပြန်အရောက်မှာတော့ အမှားအယွင်းပေါင်းများစွာနဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသူပါ။

ရန်းနစ်ဂ်ရောက်လာတာနဲ့အမျှ သူ့ရဲ့ ကစားကွက်မှာ အံဝင်မယ့် ကစားသမား၊ ရုန်းကန်ရမယ့် ကစားသမား အစရှိသဖြင့် မီဒီယာတွေနဲ့ ပရိသတ်တွေက ရွေးချယ်နေချိန်မှာ ပြီးခဲ့တဲ့ (၂၀၂၀) က ရန်းနစ်ဂ်ရဲ့ ပြောစကားက လုခ်ရှောအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါပြီ။

အဲ့ဒီအင်တာဗျူးမှာ ရန်းနစ်ဂ်က “ယူနိုက်တက်အနေနဲ့ ဘယ်နောက်ခံလူနေရာအတွက် တခုခုလုပ်သင့်ပါတယ်။ သူတို့ဆီမှာ လုခ်ရှောရှိတာ ကျနော်သိပါတယ်။ ဒါပေမယ့်  သူက ယူနိုက်တက်လို အသင်းမျိုးအတွက် သင့်တော်တဲ့ ကစားသမားဖြစ်ပါ့မလား မသေချာပါဘူး” လို့ ပြောကြားခဲ့တာပါ။

ဒါ့အပြင် ရန်းနစ်ဂ်က အသင်းရဲ့ အဓိက,ကစားသမား ရော်နယ်ဒိုကို အသက်ကြီးလွန်းသလို၊ စျေးလည်းကြီးလွန်းတယ်လို့ လိုက်ပ်ဇစ် ဒါရိုက်တာအဖြစ် တာဝန်ယူနေတုန်းက ပြောကြားခဲ့ဖူးပါတယ်။

ရန်းနစ်ဂ်အနေနဲ့ ဒီတပတ်မှာ ကစားမယ့် ချဲလ်ဆီးနဲ့ပွဲကိုတော့ တာဝန်ယူဦးမှာမဟုတ်ဘဲ အာဆင်နယ်နဲ့ အိမ်ကွင်းပွဲမှသာ စတင်ကိုင်တွယ်သွားဖို့ရှိနေပါတယ်။