ရော်နယ်ဒို ကို ဘာကြောင့်ဝေဖန်နေတာလဲဆိုတာ သူနားမလည်နိုင်ဘူးလို့ ပြောလိုက်တဲ့ ဖီဂို

ရော်နယ်ဒို ဟာ မကြာသေးခင်က စွမ်းဆောင်ရည်တွေကြောင့် ဝေဖန်သူတွေရဲ့ပစ်မှတ်အဖြစ်ရှိလာခဲ့ပါတယ်။ဖီဂိုကတော့ ဖိအားဒဏ်တွေ ခံစားနေရတဲ့ ရော်နယ်ဒို ဘက်ကနေ ၀င်ရောက် ကာကွယ်ပေးသွားခဲ့ပါတယ်။

ဖိဂို ကတော့ ရော်နယ်ဒို ဟာ အခုအချိန်ထိ သူ့အသင်းရဲ့ထိပ်တန်းကစားသမားတွေထဲမှာ ပါ၀င်နေတာဖြစ်ပြီး ဘာကြောင့်ဝေဖန်ခံနေရလဲဆိုတာ ကို သူနားလည်ရခက်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ကို ပစ်မှတ်ထားဝေဖန်နေတာနဲ့ပတ်သက်ပြီး ဖီဂိုက “ဒါဟာ အဓိပ္ပါယ်မရှိပါဘူး။သူဟာ အကောင်းဆုံးပါပဲ”

“ဘောလုံးက ရလဒ်တွေပေါ်မှာပဲ ရှင်သန်နေတာဖြစ်ပြီး အသင်းက လိုချင်တဲ့ ရလဒ်တွေကို ရရှိထားခြင်းမရှိပါဘူး။ဒါပေမယ့် သူဟာ အသင်းရဲ့အကောင်းဆုံးစွမ်းဆောင်တဲ့သူတွေထဲမှာ တယောက်အဖြစ်ရှိနေပါတယ်”

“အဲ့ဒါကြောင့် ဒီဝေဖန်မှုကို ကျွန်တော်နားမလည်ပါဘူး”လို့ ဆိုခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာပြီးခဲ့တဲ့ နွေရာသီ က ဂျုဗင်တပ်စ် အသင်းကနေ မန်ချက်စတာယူနိုက်တက် အသင်းကို အံအားသင့်ဖွယ်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဂိုးပေါက်ရှေ့မှာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနေတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၆)ပွဲမှာ (၂)ပွဲသာ အနိုင်ရထားတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယား အဆင့်(၈)နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ဒါ့အပြင် ကာရာဘောင်းဖလား မှာလည်း ၀က်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အသင်းကို (၁၆)သင်းအဆင့် တက်ရောက်နိုင်အောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပြီး (၅)ပွဲမှာ (၆)ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၀)ဂိုးသွင်းယူထားပြီး (၂)ဂိုးဖန်တီးထားတာပါ။

No

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော်နယ်ဒို အနေနဲ့ ပရိးမီးယားလိဂ်မှာ ရလဒ်ဆိုးနေတဲ့ သူ့အသင်းကို ကယ်တင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။