နောက်ဆုံးကစားရနိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် မရေမရာဖြစ်သွားတဲ့ ရော်နယ်ဒို

ရော်နယ်ဒို အတွက်ကတော့ နောက်ဆုံးကစားရနိုင်တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို မကစားရဘဲ ကစားသမားဘဝ အနားယူသွားနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန်လက်ကျန်ဝင်ခွင့်(၃)နေရာအတွက် မနေ့က မဲခွဲမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီထဲမှာ နာမည်ကြီး ပေါ်တူဂီနဲ့ အီတလီ အသင်းတို့ ဟာ ပလေးအော့ဖ် အဆင့်အတွက် မဲခွဲရာမှာ လမ်းကြောင်း တခုတည်းကို အတူတူကျရောက်သွားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် သူတို့(၂)ဦးဟာ ဗိုလ်လုပွဲ တက်မယ်ဆိုရင် ထိပ်တိုက်တွေ့ဆုံတော့မှာဖြစ်ပြီး တသင်းကတော့ ကမ္ဘာ့ဖလားဝင်ခွင့်‌ဆုံးရှုံးရတော့မှာပါ။

ဒီလမ်းကြောင်းမှာ ပေါ်တူဂီက တူရကီနဲ့ ကစားရမှာဖြစ်ပြီး အီတလီ အသင်းကတော့ မြောက်မက်‌ဆီဒိုးနီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့‌တဲ့ အီတလီ အသင်းဟာ (၂၀၁၈) ကမ္ဘာ့ဖလားတုန်းကလည်း ပလေးအောဖ့် အဆင့်မှာပဲ အရေးနိမ့်ခဲ့တာပါ။

အခြားလမ်းကြောင်းတွေကတော့ စကော့တလန်နဲ့ ယူကရိန်း တို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းဟာ ဝေးလ်စ်နဲ့ ဩစတြီးယား တို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။နောက်တခုကတော့ ရုရှားနဲ့ ပိုလန် တို့ ပွဲက အနိုင်ရတဲ့ အသင်းဟာ ဆွီဒင်နဲ့ ချက်တို့ ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

အီတလီနည်းပြ မန်စီနီ က ဒီမဲခွဲမှုဟာ သူတို့ အတွက် ခက်ခဲတယ်လို့ ပြောခဲ့ပါတယ်။မန်စီနီ က “ကျွန်တော်တို့ အတွက် အလွန်ခက်ခဲတဲ့ မဲခွဲမှုပါပဲ။မြောက်မက်‌ဆီဒိုးနီးယား အသင်းဟာ အသင်းကောင်းတသင်းပါ”

“ကျွန်တော်တို့ အနိုင်ရခဲ့ရင် ပေါ်တူဂီနဲ့ တူရကီ တို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ အဝေးကွင်းမှာ သွားကစားရပါမယ်။အလွန်တောင့်တင်းလွန်းပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ပလေးအောဖ့် အကြိုဗိုလ်လုပွဲတွေကို (၂၀၂၂) မတ်လ (၂၄)ရက်နဲ့ (၂၅)ရက်တွေမှာ ကစားသွားမှာဖြစ်ပြီး ဗိုလ်လုပွဲတွေကို မတ်လ(၂၈)ရက်နဲ့ (၂၉) ရက်တွေမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။