ရေပန်းစားတာတောင် ဘလွန်းဒီအော်မရတဲ့အပြင် ဓားပြပါ ထပ်တိုက်ခံရသေးတဲ့ လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး ဘလွန်းဒီအော်ဆု ရသင့်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမယ့် တကယ်တမ်းမှာတော့ လီဝန်ဒေါစကီး တယောက် ဒုတိယနေရာတောင် မရတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

လီဝန်ဒေါစကီးဟာ ပြီးခဲ့ဘောလုံးရာသီမှာ ဂျာမန်ဂန္တဝင်ဂတ်မူလာရဲ့ စံချိန်မှတ်တမ်းတွေကို ရိုက်ချိုးခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ အောင်မြင်မှုတွေအတွက် အဓိကနေရာက ပါဝင်ခဲ့တာပါ။

ဒါပေမယ့် ပိုလန်နဲ့အတူ ယူရိုမှာ အုပ်စုပြုတ်ခဲ့တာက သူ့ရဲ့ဘလွန်းဒီအော် မျှော်လင့်ချက်ကို ထိခိုက်စေခဲ့ပြီး အဓိကပြိုင်ဘက် မက်ဆီက အာဂျင်တီးနားနဲ့ ကိုပါအမေရိက ရခဲ့တာကြောင့် ဒီဆုမှာ ပိုမိုရေပန်းစားခဲ့ပါတယ်။

အခု စပိန်ဂျာနယ်လစ် ဂျိုးဆပ်ပီဒရီရိုရဲ့ ဖော်ပြချက်အရ လီဝန်ဒေါစကီးဟာ ဒုတိယနေရာမှာတောင် မရှိတော့ဘဲ ဘန်ဇီမာရဲ့ နောက် တတိယနေရာကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဘန်ဇီမာကလည်း ရီးရဲယ်မက်ဒရစ်အတွက်ရော၊ ပြင်သစ်လက်ရွေးစင်အတွက်ပါ ဂိုးသွင်းခြေစွမ်းပြနေပြီး ဒီနှစ်မရရင်တောင် လာမယ့် (၂၀၂၂) အတွက် ဘလွန်းဒီအော်ဆုကို ပစ်မှတ်ထားနေတာပါ။

မက်ဆီကတော့ ဘလွန်းဒီအော်ရမယ်လို့ သတင်းတွေ ကျယ်လောင်စွာထွက်ပေါ်နေပြီး အခုလိုမျိုး လီဝန်ဒေါစကီး တတိယနေရာအထိ ရောက်သွားတဲ့အပေါ်မှာတော့ ပရိသတ်တွေက အကြီးအကျယ် စိတ်ပျက်နေကြပါတယ်။

လာမယ့် တနင်္လာမှာ ဒီဆုပေးပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပမှာဖြစ်ပြီး ဆုပေးပွဲအပြီးမှာရော ဘယ်လိုမျိုး ဝေဖန်သံတွေ ထွက်ပေါ်လာဦးမလဲ စောင့်ကြည့်ရမှာပါ။